မောင်ဖေလှိုင်
 

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ခန့်၊ ၁၉၇၀ ပြည့်နှစ်လောက်က မြန်မာနိုင်ငံရဲ့ အကျော်အမော် သတင်းထောက်ခုနစ်ယောက် နဲ့ တွေ့ဆုံလို့ သတင်းစာဆရာကြီး လူထုဦးလှက ‘ကျွန်တော် သတင်းထောက်’ အမည်ရှိတဲ့စာအုပ်ရေးသားခဲ့ဖူးတာ အခုဆိုရင် ဆယ်စုနှစ် ငါးစုလောက်တောင် ကြာခဲ့ပြီပေါ့။


ပန်းချီကျော်ဆရာပေါ်ဦးသက်ရဲ့ လက်ရာနဲ့ ကြီးပွား ရေးပုံနှိပ်တိုက် လက်ဆည်ကန် မန္တလေးက ပထမအကြိမ် အဖြစ် ၁၉၇၁ ခုနှစ် ဇူလိုင်လက ထုတ်ဝေခဲ့တာဆိုတော့ ခုဆိုရင် နှစ် ၅၀ ရွှေရတုကာလ ရောက်လုပေါ့။


အိပ်မက်လို့ထင်ကြ
ဒီစာအုပ်ကို မိမိဝယ်ဖတ်ပြီး စာအုပ်အဖွင့်မှာ ရေးထားခဲ့တာက ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် နေ့စွဲ နဲ့ပါ။ စာအုပ်တန်ဖိုးက သုံးကျပ်ဆိုတော့ ဒီဘက်ခေတ် လူငယ်တွေအတွက်ကတော့ အိပ်မက်လို့ ထင်ကြမှာပါပဲ။
သတင်းစာဆရာကြီး လူထုဦးလှ၊ ဆရာမကြီး လူထု ဒေါ်အမာတို့ကို လေးစားအားကျခဲ့မိတာက သတင်းသမားဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်သာမကဘဲ ဆရာကြီးတို့ ဇနီး မောင်နှံရဲ့ စကားပြောရေးဟန်ကိုလည်း နှစ်ခြိုက်စွဲမက်လို့ပါ။ စာအုပ် အကြောင်းအရာ၊ အချက်အလက်တွေမပြောနဲ့ ရေးသွားတဲ့ စကားပြောကပဲ သူမတူတဲ့ ဆွဲဆောင်မှုရှိလို့ပါပဲ။ ဒါကြောင့်မို့ ဒီဆောင်းပါးကို စကားပြောနဲ့ပဲ ရေးဖြစ်လိုက်တာပါ။


ဆရာကြီးတို့ ဇနီးမောင်နှံကိုလိုက်ဖက်ညီတဲ့ သတင်းစာ မောင်နှံလို့ဆိုလိုက်ရင် ဆရာညီပုလေးတို့တွေအတွက်က တော့ လုံလောက်တဲ့အသုံးအနှုန်း မဖြစ်နိုင်လေဘူးပေါ့။ ဒါကြောင့် ဆရာကြီးလူထုဦးလှရဲ့ ‘ကျွန်တော် သတင်း ထောက်’နဲ့ ပတ်သက်လို့ရေးရာမှာတော့ ဆရာရဲ့ သတင်းသမားစိတ်ဓာတ်ကို အဓိက ဖော်ကျူးရေးပြချင်တာပါ။


ဆရာဟာ ဒီစာအုပ်အတွက ရှေးမီနောက်မီ သတင်းစာဆရာကြီး ခုနစ်ယောက်ဖြစ်ကြတဲ့ ဆရာ ဦးထွန်းဖေ၊ ဆရာ ဦးမောင်မောင်ခင်၊ ဦးအမ်ဘိုးချိန်၊ ဦးသုခ၊ ဦးလှထွန်းဖြူ၊ ဦးဘသန်းနဲ့ မစ္စတာချက်တာဂျီတို့ကို တွေ့ဆုံမေးမြန်း စေ့ငုလို့ ‘သတင်းထောက်’ရဲ့ အခန်းကဏ္ဍတွေကို ဖော်ကျူးထုဆစ်ပြခဲ့တာပါ။


စတင်သုံးစွဲခေါ်ဝေါ်ခဲ့
‘သတင်းထောက်’ ဆိုတဲ့ အင်္ဂလိပ်အခေါ်အဝေါ် ‘Reporter’ ဆိုတဲ့ အသုံးအနှုန်းကို စတင်သုံးစွဲခေါ်ဝေါ်ခဲ့ တဲ့သူက လွယ်အိတ်ကြီး ဦးဘလှိုင်လို့ သတင်းထောက်ကြီး ဦးအမ်ဘိုးချိန်က ပြောပြခဲ့တယ်လို့ ဆရာလူထုဦးလှက ဒီစာအုပ်ရဲ့မိတ်ဆက်စကားမှာ ဖော်ပြထားပါတယ်။


ဒီအရင်က ‘သတင်းကောက်’ ဆိုပြီး သုံးခဲ့ဖူးသလို ဟိုဟာစမ်းသုံး၊ ဒီဟာစမ်းသုံးနဲ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ‘သတင်းထောက်’ ဆိုတဲ့ စကားရပ်နဲ့ပတ်သက်လို့ ဆရာကပဲ ခုလိုရှင်းပြ၊ ရေးပြထားတာ ဖတ်ရပါတယ်။
“၁၉၂၂ ဩဂုတ်လ (၁၂၈၄ ခု ဝါခေါင်လ)ထုတ် သူရိယမဂ္ဂဇင်း စုံထောက်မောင်စံရှားဝတ္ထုမှာ ဆရာကြီး ရွှေဥဒေါင်းက ဒီနေ့ ကျွန်တော်တို့ သုံးနေကြတဲ့ ‘သတင်း ထောက်’ စကားလုံးမရှိသေးတော့ အင်္ဂလိပ်စကားအတိုင်း တိုက်ရိုက် ‘ရိပွတ်တာ’ လို့ ရေးထားတာတွေ့ရပါတယ်။ ၁၉၂၃ ခုနှစ် နိုဝင်ဘာလထုတ် သူရိယမဂ္ဂဇင်းပါ စောရ သက်ပြင်းဝတ္ထုမှာတော့ ‘ရီပို့တာခေါ် သတင်းစာကိုယ်စားလှယ်များ ကမာရွတ်သို့ သွားရောက်စုံစမ်းပါသော်လည်း…’ လို့ပါတယ်။ ‘သတင်းကိုယ်စားလှယ်’ဆိုတဲ့ စကားလဲမဟုတ်သေးဘူး။


အဓိပ္ပာယ်ဖော်ပြီးရေးထား
၁၉၂၅ ခုနှစ် ဩဂုတ်လထုတ် သူရိယမဂ္ဂဇင်းမှာတော့ မြန်မာပြည် ‘ဥပဒေပြု မင်းတိုင်ပင်အဖွဲ့အကြောင်း’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ “သတင်းစာ သတင်းယူသွား သူများအတွက် အစည်းအဝေးခန်းမအနောက်ဘက် အထက် ထပ်တွင် တစ်ခန်းသီးသန့်ထားရှိရာ..” စသည်ဖြင့်လို့ တွေ့ရပါတယ်။ ဒါကတော့ ‘ရီပို့တာ’ဆိုတဲ့ စကားကို အဓိပ္ပာယ်ဖော်ပြီး ရေးထားတဲ့သဘောပါပဲ။


၁၉၃၁ နဲ့ ၁၉၃၂ ခုနှစ်များအထိ ‘သတင်းထောက်’ ကို ‘သတင်းကောက်’ လို့ ရေးတာတွေ့ရပါတယ်။ ၁၇- ၁၂- ၃၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ‘ရေးသူ မြန်မာ့အလင်းအထူးသတင်းကောက်’ လို့ သုံးနှုန်းထားတာ တွေ့ရပါတယ်။ ၁၂-၆- ၃၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ‘ဟိုင်းကြီးကျွန်း ဘယ်မှာရှိသလဲ၊ ရေးသူ မြန်မာ့အလင်းအထူးသတင်းထောက်’လို့ တွေ့ရပါပီ။ (သတ်ပုံမူရင်းအတိုင်း)


အဲဒီခေတ် သတင်းထောက်ကြီးအချို့နဲ့ တွေ့ဆုံမေးမြန်းခန်း(အင်တာဗျူး)ပါ အချက်တွေဟာ ယနေ့ခေတ် သတင်းထောက် လူငယ်သတင်းထောက်တွေအတွက်တော့ ခေတ်အရကွာခြားသွားခဲ့ပါပြီ။ လက်ကိုင်ဖုန်းတစ်လုံး ရှိရုံနဲ့ သတင်း၊ ဓာတ်ပုံ ရေးသားပေးပို့နိုင်တာဆိုတော့ အဲဒီခေတ် သတင်းထောက်ကြီးတွေရဲ့ သတင်းလိုက်ရတဲ့ အခြေအနေ၊ လိုက်ပုံလိုက်နည်း၊ ထိုးထွင်းကြံဆပုံတွေကိုတော့ ဒီစာအုပ်မှာ ဖတ်ရှုသိမြင်ခွင့်ရကြမှာပါ။


အစောဆုံးသတင်းထောက်
ဖဆပလ ခေတ်တုန်းက ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ ဦးထွန်းဖေနဲ့ပတ်သက်လို့ ဆရာက ဗွေဆော်ဦး ဖော်ပြထားပါတယ်။ ဆရာဦးထွန်းဖေဟာ အဲဒီတုန်းက (၁၉၇၁)မှာ အသက် ၇၁ နှစ်ရှိနေခဲ့ပါပြီ။ မြန်မာသတင်းစာ လောကမှာတော့ အစောဆုံး သတင်းထောက်ဖြစ်ခဲ့တယ်လို့ သိမှတ်ရပါတယ်။


ဦးထွန်းဖေက ‘သူရိယသတင်းစာတိုက်ဟာ အဲဒီတုန်း က ဆူးလေဘုရားလမ်း အမှတ် ၁၁ ဦးမောင်မောင်အုန်းခိုင် တိုက်အပေါ်ထပ်မှာ ဦးလှဖေက မန်နေဂျာ၊ ဦးတုတ်ကြီး က အယ်ဒီတာချုပ်၊ ဦးဘသန်းက အယ်ဒီတာ၊ ဦးခင်မောင်က အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဘားမားအော့ဘ်ဇားဗား (Burma Observer) သတင်းစာရဲ့ အယ်ဒီတာ၊ ကိုဝဏ္ဏက ကြော်ငြာဌာနဘက်က လက်ထောက်မန်နေဂျာ၊ ကိုဖိုးစန်းက စက္ကရီတေရီ၊ ဆရာလွန်းက စာပြင်ဆရာပေါ့။ xxxx ဆရာလွန်း(ဆရာကြီး သခင်ကိုယ်တော်မှိုင်း) က လက်တွေ့ အားဖြင့် စာပြင်ဆရာ၊ ဒါပေမဲ့ အခုခေတ်ပရုရီဒါ၊ စာပြင် ဆရာရိုးရိုးလို မဟုတ်ဘူး။ တကယ့်ကို စာပြင်ပေးရတဲ့ ဆရာ။’


၁၉၇၀ ပြည့်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ အယ်ဒီတာ ဦးမောင်မောင်ခင်နဲ့ ဆရာကြီး လူထုဦးလှတို့ဟာ မကွယ်လွန်ခင်တစ်လနဲ့ ၁၉ ရက်လောက်မှာ တွေ့ဆုံခဲ့ကြ တာမှာ ဦးမောင်မောင်ခင်က ခုလိုရှင်းပြခဲ့ပါသေးတယ်။
“ဆရာစံ သူပုန်ထတဲ့ကိစ္စနဲ့ ပတ်သက်ပီးတော့ ကျွန်တော့်ရဲ့ အတွေ့အကြုံကလေး ပြောပါမယ်။


သူရိယသတင်းစာထဲမှာ သတင်းတစ်ခုပါလာတယ်။ ‘မီးရထားဘူတာကို မီးရှို့ခြင်း’ ဆိုပီးတော့။ ခေါင်းစဉ်က စာလုံးမဲနဲ့ ၃ ကြောင်းလောက်ရှိတဲ့ သာမန်သတင်းလေး တစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ဖတ်တော့သာမန်ဘဲထင်ပြီး ကျွန်တော်တို့ အေးအေးနေပါတယ်xxxxx။ (မူရင်းသတ်ပုံ)


အဲဒီသတင်းနဲ့ပတ်သက်လို့ ဦးမောင်မောင်ခင် ရေးသားခဲ့တဲ့ ‘တတိယအကြိမ် ပုလိပ်များနှင့် လူဆိုးများ တိုက်ခိုက်ကြပုံ’ ခေါင်းစဉ်နဲ့ သတင်းကိုဖော်ပြထားပါတယ်။


“တကယ့်တကယ်ဆိုတော့ သတင်းထောက်အလုပ် ဆိုတာ ကျွန်တော် ၁၉၃၀ မှာ သတင်းစာထဲရောက်မှပဲရှိတယ် လို့ ပြောပါတော့။ မဏ္ဍပ်တိုင်တက်တာတော့ မဟုတ်ပါဘူး။ အဲဒီ ၁၉၃၀ ကျတော့မှပဲ သူရိယမှာ (Reporter)သတင်း ထောက်ထားတာ။”ဟု အစချီကာ သတင်းထောက်ကြီး ဦးအမ်ဘိုးချိန်ရဲ့ ပြောစကားကို ‘ကျွန်တော်သတင်း ထောက်’စာအုပ်မှာ ဆက်ပြီးဖော်ပြထားပါတယ်။

 

အဲဒီမှာတော့ ဦးအမ်ဘိုးချိန်ရေးခဲ့ဖူးတဲ့ ရန်ကုန် ဘီအေအေအားကစားအသင်းကွင်း (ယခုအောင်ဆန်းကစား ကွင်းကြီး)မှာ ဗမာနဲ့ဥရောပတိုက်သားကပြားများ ကစားခဲ့ကြတဲ့ ဘောလုံးပွဲသတင်းကို ဖော်ပြထားပါတယ်။
ဒီဘက်ခေတ်မှာ အကယ်ဒမီ၊ ဒါရိုက်တာ ဆရာကြီး ဦးသုခဆိုရင် ငယ်ငယ်တုန်းက သတင်းထောက် လုပ်ခဲ့ ဖူးတာကိုတော့ လူသိနည်းကြပါတယ်။


ဝါသနာကြီးလွန်းလို့သာ
သတင်းထောက်လုပ်ခဲ့ဖူးတဲ့ ဦးသုခက ‘‘သတင်း ထောက်ဘဝဟာ အစုံတွေ့ကြုံရတဲ့ ဘဝ၊ နယ်သတင်း ထောက်များကတော့ မြို့နယ်ဒေသအခြေအနေအလိုက် အဆိုးအကောင်းမျိုးစုံ တွေ့ကြုံရသူတွေပေါ့။ ဘေးအန္တရာယ် တွေ ကြုံရတတ်တယ်။ ဝါသနာကြီးလွန်းလို့သာ သတင်း ထောက်လုပ်နေကြတာပါ။”လို့ ဒီစာအုပ်မှာ အင်တာဗျူးလုပ် ခဲ့တဲ့ ဆရာလူထုဦးလှကို ရှင်းပြထားတာ ဖတ်ရပါတယ်။


ဦးသုခဟာ ကျိုက်လတ်မြို့နယ်မှာ သူရိယသတင်းထောက်အဖြစ် လုပ်နေချိန်(၁၉၃၄) လောက်ကပါ။ အယ်ဒီတာ ဦးအမ်ဘိုးချိန်က ဦးသုခရဲ့ သတင်းအရေး အသားနဲ့ပတ်သက်လို့ ခုလို ထောက်ပြခဲ့ဖူးတယ်လို့ ဆိုပါတယ်။
“ဦးအမ်ဘိုးချိန်က ဟေ့ကောင်၊ မင့်ဥစ္စာက တိုတို ရေးစမ်းပါကွ၊ သတင်းဆိုတာတိုတိုရေးရတယ်။ ဝတ္ထုလို မရေးပါနဲ့” လို့ ပြောခဲ့ပါတယ်တဲ့။


ဆရာလူထုဦးလှ တွေ့ဆုံပြီးမေးခဲ့တဲ့နောက် သတင်းထောက်ကြီးက ဦးလှထွန်းဖြူပါ။ ဦးလှထွန်းဖြူက ငယ်စဉ်အခါက မှုခင်းသတင်းအလိုက်ကောင်းခဲ့တဲ့သူ၊ နောက်ပိုင်း နိုင်ငံရေးသတင်းပါလိုက်တယ်။ မြန်မာ့အလင်း သတင်းထောက်လုပ်ခဲ့တဲ့ ဦးလှထွန်းဖြူရဲ့ ၁၉၂၈ ခုနှစ်မှ ၁၉၃၉ ခုနှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာ တွေဟာ ရုပ်ရှင်ကားကောင်းတစ်ကား ကြည့်ရသလို ခံစားရတယ်လို့ ဆိုထားပါတယ်။


ဒီစာအုပ်မှာတော့ ဆရာဦးလှထွန်းဖြူရဲ့ မြန်မာ့အလင်းသတင်းစာမှာရေးခဲ့တဲ့ သတင်းနဲ့ ဓာတ်ပုံကို ပူးတွဲ ဖော်ပြထားပါတယ်။


ယူပီအိုင် ဦးဘသန်းလို လူသိများလှတဲ့ သတင်း ထောက်ကြီး ဦးဘသန်းအကြောင်းနဲ့ မစ္စတာချက်တာဂျီ တို့ရဲ့ ရှေးခေတ်သတင်းထောက်များရဲ့ အတွေ့အကြုံတွေကလည်း ဒီစာအုပ်မှာ စိတ်ဝင်စားစရာပါပဲ။ ဆရာကြီး လူထုဦးလှ တွေ့၊ မေးတုန်းက သူဟာ အသက် ၇၅ နှစ်တောင် ရှိနေပါပြီ။


ပြန်လည်ဆန်းသစ်ဖော်ပြခဲ့
ဒီစာစုမှာ ‘ကျွန်တော်သတင်းထောက်’ စာအုပ်မှာ ဖော်ပြခဲ့တဲ့ သတင်းစာဆရာကြီး လူထုဦးလှရဲ့ အင်တာဗျူး ရေးဟန်ကို နှောင်းလူငယ်မျိုးဆက်များ ဖတ်စေချင်တဲ့အတွက် ပြန်လည်ဆန်းသစ် ဖော်ပြခဲ့တာပါ။


ဆရာကြီး လူထုဦးလှရဲ့ ‘ကျွန်တော် ဗြူရိုကရက်’၊ ‘ကျွန်တော်စတီးပွဲစား’၊ ‘သတင်းစာများက ပြောတဲ့ စစ်အတွင်း ဗမာပြည်’၊ ‘စစ် အချစ်နှင့်ထောင်’၊ ‘သောင်း ပြောင်းထွေလာ ရေးချင်ရာရာ’ စတဲ့ အတွဲလိုက် ရေးခဲ့တဲ့ စာစုများကလည်း ဖတ်မှတ်လေ့လာစရာအဖုံဖုံနဲ့ အကြောင်းအရာစုံပါပဲ။ တိုင်းရင်းသားပုံပြင်တွေဆိုရင် တော်တော် သိမှတ်စရာတွေပါ။


နောက်ပိုင်းမှာ ‘လူထု’နဲ့ ခွဲမရတဲ့ ကြီးပွားရေးအကြောင်းကိုလည်း ရေးဖို့ရည်ရွယ်ထားပါသေးတယ်။

စာကိုး- လူထုဦးလှ၏ ကျွန်တော်သတင်းထောက် (ပထမတွဲ) (၁၉၇၁) ဇူလိုင်လ