ဆဒုံး ၃ သြဂုတ်

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၄ လကျော်ကြာ ယာယီပိတ်ထားခဲ့ရသော ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ရှိ ဆဒုံးလန်နရေတံခွန်အား ဩဂုတ် ၂ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး အပန်းဖြေ လာရောက်နိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

 

mdn

 

ဆဒုံးလန်နရေတံခွန်သည် ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီ ကားလမ်းဘေးတွင် တည်ရှိပြီး ဆဒုံးမြို့မှ (၁၀) မိုင်ကျော်၊ ဝိုင်းမော်မြို့မှ မိုင် (၃၀) ကျော်ကွာဝေးသည့် ခရီးသွားအပန်းဖြေလာရောက်ကြသည့် နေရာတစ်ခု ဖြစ်သည်။ အဆိုပါ ရေတံခွန်သို့ လာရောက်လည်ပတ် အပန်းဖြေခြင်းများအား ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားရာမှ ယခုအခါ ဆဒုံးလန်နရေတံခွန်တွင် ခရီးသွားပြည်သူများ လာရောက်လည်ပတ်နိုင်ရန် သြဂုတ် ၂ ရက် နံနက် ၉ နာရီမှစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

 

ဆဒုံးလန်နရေတံခွန်တွင် လာရောက်လည်ပတ်ကြမည့် ခရီးသွားပြည်သူများအနေဖြင့် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ရေတံခွန်အဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ Mask တပ်ခြင်း၊ ခရီးသွားမှတ်တမ်းများ ရေးသွင်းထားခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်ထားကြောင်း ဆဒုံးလန်နရေတံခွန် တာဝန်ခံ ဦးလွမ်းဒေါင်ထံမှ သိရသည်။

 

ကျော်နိုင်ဌေး (ပြန်/ဆက်)