ရွှေဘို ၃ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဧရာဝတီမြစ်အတွင်း လျှပ်စစ်ရှော့တိုက်ငါးဖမ်းမှုကြောင့် ဧရာဝတီ လင်းပိုင်များ သေဆုံးနေမှုအပေါ် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးအရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူမှ ပြောကြားသည်။

 

mdn

 

ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဧရာဝတီမြစ်အတွင်း လျှပ်စစ်ရှော့တိုက် ငါးဖမ်းမှုကြောင့် ယခုလအတွင်း ဧရာဝတီလင်းပိုင်များ သေဆုံးမှုရှိနေသည့်အတွက် အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်တဲ့အခါမှာ စစ်ကိုင်းတိုင်းတစ်ခုတည်း လုပ်ဆောင်၍ မရနိုင်ပါဘူး။ မန္တလေးတိုင်းဘက်မှ လာရောက်လုပ်ကိုင်သူများ ရှိတာကြောင့် တိုင်း(၂)တိုင်း ပူးပေါင်းဆောင်ရွက်မှသာ လျှပ်စစ်ရှော့တိုက် ငါးဖမ်းသူအား ထိထိရောက်ရောက် အရေးယူနိုင်မှာ ဖြစ်ပါတယ်။ ယခုလက်ရှိ မိမိတိုင်းဘက်မှ အဆိုပါ လျှပ်စစ်ရှော့တိုက် ငါးဖမ်းသူအား ဖမ်းဆီးအရေးယူနိုင်ဖို့အတွက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဖမ်းဆီးရမည့်နေရာ၊ ပိတ်ဆို့ဆောင်ရွက်ရမည့်နေရာ၊ မြေပြင် အခြေအနေများအား  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီးစီးပါပြီ။ မြစ်ရေကျသွားသည့်အခါမှာ လျှပ်စစ်ရှော့တိုက် ငါးဖမ်းသူများ စတင်ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ် ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူမှ ပြောကြားခဲ့သည်။

 

ထို့အပြင် ဧရာဝတီလင်းပိုင်များသည် ကမ္ဘာပေါ်မှာ ရှားပါးမျိုးစိတ်တွင်ပါဝင်သည့် လင်းပိုင် အမျိုးအစားများဖြစ်ပြီး မြန်မာနိုင်ငံတွင် လင်းပိုင်အကောင်ရေ ၆၀ မှ ၇၀ ကြားသာ ရှိတော့ကြောင်း၊ ဒီမျိုးစိတ်များအား ထိန်းသိမ်းရန်အတွက် နိုင်ငံတော်အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ  ဝိုင်းဝန်းb ထိန်းသိမ်း ဆောင်ရွက်နေကြောင်း၊ ထိုသို့ ဝိုင်းဝန်းဆောင်ရွက်နေရခြင်းမှာ လင်းပိုင်များသည် တံငါးသည်များနှင့် ပူးပေါင်းပြီး ငါးဖမ်းသည့်အလုပ်အား ဆောင်ရွက်နေပုံတွေကို နိုင်ငံတကာမှ စိတ်ဝင်စားခြင်းခံရပြီး အကယ်၍ လင်းပိုင်များအားလုံး သေဆုံးသွားပါက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ ရပ်တန့်သွားနိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဧရာဝတီလင်းပိုင်များသည် တစ်ကြိမ်လျှင် (၁)ကောင်သာ မွေးဖွား၍ သားပေါက်ငယ်အား (၁၈)လကြာ နို့တိုက်စောင့်ရှောက်လေ့ရှိပြီး (၅)နှစ်မှ (၇)နှစ်အတွင်း အရွယ်ရောက်ကာ သက်တမ်းမှာ နှစ် (၃၀) မှ နှစ် (၅၀) အထိဖြစ်ကြောင်းနှင့် ဧရာဝတီလင်းပိုင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ဧရိယာ သတ်မှတ်ထားပြီး ဆောင်ရွက်နေကြောင်း ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သန်းဦးထံမှ သိရသည်။

 

ထွန်းမြင့်အောင်(ရွှေဘို)