၃ ဩဂုတ်

 

 

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နှစ်ဦးကို ယနေ့ ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အားလုံးကို သီးသန့်ခွဲထားပြီး အသွားအလာ ကန့်သတ်ထားသည့် အဆောက်အဦများတွင် ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

ထပ်မံကူးစက်ခံရသူ နှစ်ဦးအနက် ပထမတစ်ဦးမှာ ဆယ်ကျော်သက်အရွယ် ယောက်ကျားလေး တစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှ နယူးဇီလန်နိုင်ငံသို့ ဇူလိုင် ၂၉ ရက်တွင် ရောက်ရှိခဲ့သူ ဖြစ်သည်။ ၎င်းသည် အော့ကလန်တွင် သီးခြားနေထိုင်နေစဉ် သုံးရက်မြောက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ကို စမ်းသပ်တွေ့ရှိခဲ့ရပြီးနောက် သီးသန့်ကန့်သတ်ထားရာ အဆောက်အဦသို့ ပြောင်းရွှေ့ခံခဲ့ရသည်။

 

 

ကူးစက်ခံရသူ ဒုတိယတစ်ဦးမှာ အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အမ်စတာဒမ်မြို့နှင့်ဆိုးလ်မြို့တို့မှတစ်ဆင့် ဆွစ်ဇာလန်နိုင်ငံမှ  နယူးဇီလန်နိုင်ငံသို့ ဇူလိုင် ၂၀ ရက်တွင် ရောက်ရှိခဲ့သူ ဖြစ်သည်။

 

 

အဆိုပါ ကူးစက်ခံရမှုတို့ကြောင့် နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၂၁၇ ဦး ရှိလာသည်ဟု အတည်ပြုထားပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ထံ အစီရင်ခံတင်ပြထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ဆေးရုံအဆင့် ဆေးကုသမှုခံယူနေသူ တစ်ဦးတစ်ယောက်မျှမရှိကြောင်း ထပ်လောင်း ဖော်ပြထားသည်။

 

 

ကျန်းမာရေးညွှန်ကြားရေးမှူးချုပ်  အက်ရှလေ ဘလွန်းဖီးက နယူးဇီလန်နိုင်ငံသားများ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုကပ်ရောဂါနှင့် ပတ်သက်ပြီး သတိရှိရှိ ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ပြီး နိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှုနှုန်းများ တိုးမြှင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို