ထားဝယ် ၃ သြဂုတ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်အုပ်စု၊ ကရပ်ပြင်မြောက်ရပ်၊ ဆေးရုံလမ်းတွင် ရေအမြင့်(၃)ပေခန့် မြင့်တက်နေသဖြင့် ယာဉ်ငယ်နှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရဖြစ်နေပြီး ကျောက်မော်ရပ်ကွက်၊ အောင်သီရိလမ်းတွင် ရေအမြင့်(၁)ပေခန့်၊ ကျောက်မော်ရပ်ကွက်နှင့် ပေါက်တိုင်း တံတားအကြား ထားဝယ်-မြိတ် ကားလမ်းမပေါ်တွင် အမြင့် (၂)ပေခန့်၊ ကျောက်ရပ်ကျေးရွာတွင် ထားဝယ်-မြိတ် ကားလမ်းမပေါ်တွင် အမြင့်(၁)ပေခွဲခန့်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဘုရားမဲအနီး မိုင်တိုင်အမှတ်(၇/၃)ဖာလုံနှင့် (၇/၄)ဖာလုံတွင် ရေအမြင့်(၂)ပေခန့် မြင့်တက်နေသဖြင့် ယာဉ်ကြီးများ ဖြတ်သန်းသွားလာ၍ရပြီး ယာဉ်ငယ်နှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရှိရသည်။

 

အလားတူ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာနှင့် ပေါက်တိုင်းကျေးရွာလမ်းပေါ်တွင် ရေအမြင့် (၃)ပေခွဲခန့်၊ ရှမ္မတွင်းကျေးရွာအုပ်စု၊ ကရင်မကုန်းကျေးရွာတွင် ရေအမြင့်(၂)ပေခန့်နှင့် အနိမ့်ပိုင်းအိမ်ခြေ (၄၀)ခန့် ရေနစ်မြုပ်လျက်ရှိပြီး ပေါက်တိုင်းကျေးရွာနှင့် ဝမော်ကျေးရွာလမ်းတွင် ရေအမြင့် (၄)ပေခန့်၊ ရှမ္မတွင်းကျေးရွာနှင့် တောနားကျေးရွာသွားလမ်းတွင် ရေအမြင့် (၄)ပေခန့် မြင့်တက်နေမှုကြောင့် ယာဉ်ကြီး/ယာဉ်ငယ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

 

ရေကြီးရေလျှံဖြစ်ပေါ်မှုနေရာများတွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ဒေသခံပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်(ပြန်/ဆက်)