ဖားကန့် ၃   ဩဂုတ်     

 

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် အခြေခံမဲဆန္ဒရှင်ပြည်သူများ မဲထည့်ခွင့် မဆုံးရှုံးစေရေး မဲစာရင်းတွင် မှားယွင်းနေမှုများရှိပါက သွားရောက်ကြည့်ရှုကြရန် အသိပညာပေး လှုံ့ဆော်ခြင်း အစီအစဉ်ကို ယမန်နေ့ကမှစတင်ကာ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်သူ ထံမှ သိရသည်။

 

“အဓိကကတော့ ပြည်သူတွေ မဲထည့်ခွင့် မဆုံးရှုံးစေရဖို့၊ မဲစာရင်းမှာ ကိုယ့်နာမည်ပါမပါ ကြည့်ရှု့ကြဖို့၊ အမည်စာရင်းမှာ ပါပေမယ့် မှားယွင်းနေတာတွေရှိရင် ပြင်ဆင်ပေးဖို့ပါ၊ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးကို ပြည်သူတွေ မဆုံးရှံးစေဖို့ပါပဲ”ဟု ဦးအောင်ကျော်သူက ပြောသည်။

 

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အသိပညာပေး လှုံ့ဆော်ခြင်း အကောင်အထည် ဖော်သည့်အနေဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများ ကပ်ထားခြင်း၊ အော်လံဖြင့် ဆော်ဩခြင်းတို့အား ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် လုံးခင်းကျေးရွာအုပ်စုတို့တွင် ယမန်နေ့ကလည်းကောင်း၊ ယနေ့တွင် ဆိပ်မူကျေးရွာအုပ်စုနှင့် ကာမိုင်းမြို့ ဧရိယာတို့တွင် လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အလားတူ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးနှင့် ဝန်ထမ်းများက အခြေခံမဲဆန္ဒရှင် ပြည်သူများ စာရင်းတွင်ပါဝင်သော်လည်း နိုင်ငံသား စိစစ်ရေးကတ် မပြုလုပ်ရသေးသူများအတွက် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) များအား စစ်ဆေးပြီး ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)