ရှမ်းရွာသစ် ၄ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့လမ်းဦးစီးဌာနက ဒေသနေပြည်သူများ ရာသီမရွေး သွားလာရေး လွယ်ကူစေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်-လှိုင်းဘွဲကားလမ်းပေါ်ရှိ ပေ(၃၀)တံတား မြေထိန်းနံရံနှင့် ရေလမ်း ကြောင်း ပြုပြင်ရေးလုပ်ငန်းကို ၂၀၂၀ပြည့်နှစ် ဧပြီလပထမပတ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် လှိုင်းဘွဲ-ရှမ်းရွာသစ်ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၃၅)ကီလိုမီတာ နှင့် (၃၅.၂)ကီလိုမီတာ ကြားရှိ ၆/၂၂ ပေ(၃၀)တံတားသည် နှစ်စဉ်မိုးရာသီကာလတွင် တောင်ကျရေများတိုက်စားမှုကြောင့် နိမ့်ကျနေပြီး ဒေသနေပြည်သူများ သွားလာရ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရှိရ၍ ယခုဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့လမ်းဦးစီးဌာနမှ တာဝန်ယူပြီး ပြည်နယ်အထွေထွေ ပိုလျှံခွင့်ပြု ရန်ပုံငွေကျပ် (၄၅)သန်းဖြင့် ဆောက်လုပ်လျှက်ရှိရာမှ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ဒေသနေပြည်သူများ အဆင်ပြေစွာသွားလာနိုင်ပြီဖြစ်ကြောင်း လမ်းဦးစီးဌာနမှ မြို့အင်ဂျင်နီယာ ဦးဘိုဘိုလွင်ထံမှ သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)