ဘောဂလိ   ၄ ဩဂုတ်  

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်ဘောဂလိမြို့ရှိ  ကျန်းမာရေးဌာနမှ  တာဝန်ရှိသူများသည်   မြို့အတွင်းရှိ ဒေသနေပြည်သူများ   ကျန်းမာရေးအသိပညာ  ဗဟုသုတရရှိစေရန် နှင့်  ကူးစက်ရောဂါတို့မှ  ကြိုတင်ကာကွယ်နိုင်ရန်  ရည်ရွယ်၍  ယနေ့နံနက် (၉)နာရီက  ဘောဂလိမြို့  ဖူးထေ့လေ့အဆောင်၌ အသက်နှစ်နှစ်အောက် ကလေးငယ်များကို   ပုံမှန်ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရသည်။

 

အဆိုပါလုပ်ငန်းတွင် ဘောဂလိမြို့ ကျန်းမာရေးဌာနမှ  တာဝန်ရှိသူဆရာမ ဒေါ်ဖြိုးနန္ဒာဦးနှင့်  ကျန်းမာရေးဝန်ထမ်းများက   ကလေးငယ်များ ကူးစက်ရောဂါတို့မှ  ကာကွယ်ရန်နှင့် အသိပညာ ဗဟုသုတ ရရှိစေရန်အတွက်   ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အသက်နှစ်နှစ်အောက်ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာ၊  မေးခိုင်၊ ပိုလီယို အကြောသေ ရောဂါ၊ တီဘီရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် အသည်းရောင် အသားဝါ(ဘီ)  ရောဂါတို့မှ ကင်းဝေးစေရန်နှင့်  ကြိုတင်ကာကွယ်နိုင်ရန်အတွက်  အသက်အပိုင်း အခြားအလိုက်  ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းတို့ကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များနှင့်အညီ   ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

နီလာအေး(ပြန်/ဆက်)