ရိခေါ်ဒါရ်  ၄ သြဂုတ်

 

ချင်းပြည်နယ်ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ရိခေါ်ဒါရ်မြို့၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အထက်တန်းအဆင့်ရှိ အထက ရိခေါ်ဒါရ်ကျောင်းနှင့် အထကခွဲ တီအိုချောင်း ကျောင်း နှစ်ခုကို ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ လက်ရှိ အခြေ အနေအထိ ကျောင်းသားကျောင်းသူစုစုပေါင်း ၁၆၀  တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အထကနှင့် အထကခွဲကျောင်းနှစ်ခုတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင် ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျောင်းအုပ်ကြီးများနှင့်အတူ ကျောင်းဆရာ ဆရာမများက နေ့စဉ်အလေးထားဆောင်ရွက်ခဲ့ပြီး ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများက အပတ်စဉ် ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများ စစ်ဆေးရာတွင် ကျောင်းဝန်းအဝင်ပေါက်၌ ကျောင်းသားကျောင်းသူများ ၏ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျောင်းသားကျောင်းသူ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ ဖြင့် ကျောင်းသွားကျောင်းလာမှုအား ကြီးကြပ်ခြင်း၊ အတန်းလိုက် ကျောင်းခန်းအဝင်များ၌ လက်ဆေးခုံ၊ အမှိုက်ပုံးများ တပ်ဆင်ထားပြီး စနစ်တကျလက်ဆေးစေခြင်း၊ ကျောင်းသားကျောင်းသူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းနှင့် မျက်နှာကာ (Face Shield)များ တပ်ဆင်ထားရှိမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရိခေါ်ဒါရ်မြို့ အထကကျောင်းနှင့် အထကခွဲကျောင်း နှစ်ခု၌ ကျောင်းသားကျောင်းသူများ လက်ဆေးခုံနှင့် လက်ဆေးသုံး ပစ္စည်းများ၊ အမှိုက်ပုံးများ ကိုင်တွယ်အသုံးပြုရာတွင် ရောဂါကူး စက်မှုမရှိစေရေးအတွက် လက်ဆေးခုံနှင့်အမှိုက်ပုံးများကို လက်ဖြင့်ကိုင်တွယ်ခြင်းမပြုဘဲ ခြေနင်းအသုံးပြုသည့်စနစ်ဖြင့် ကျောင်းဆရာ/မများက တီထွင်ဖန်တီးဆောင်ရွက်ပေး ထားခဲ့ကြောင်း၊ ကျောင်းသားကျောင်းသူများမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိထား လိုက်နာရမည့်အချက်များကို စာသင်ခန်းတိုင်း၌ ကပ်ထားပေးခဲ့ကြောင်း၊ ကျောင်းသား ကျောင်းသူများ စာသင်ကြားရာတွင် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာဖြင့် နေရာထိုင်ခင်း ချထားပေးကာ စာသင်ခန်းများခွဲ၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

ရိခေါ်ဒါရ် ပြန်/ဆက်