ပဲခူး   ၄  ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေဝင်ရောက်မှု များ ဖြစ်ပေါ်လျက်ရှိရာ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့တွင်လည်း ဆေးရုံအတွင်း ရေဝင်ရောက်လာမှုကြောင့် ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူး ‌ဒေါက်တာ ရန်နိုင်မောင်က  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် အဖွဲ့အား ညောင်လေးပင်မြို့နယ် ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဉီးနှင့် ပိန်းဇလုပ်တိုက်နယ်ဆရာဝန် ဒေါက်တာဇော်သူအောင်တို့က တိုက်နယ်ဆေးရုံအတွင်း နံနက်အစောပိုင်းမှစတင်၍ ရေများရုတ်တရက်ဝင်ရောက် လာမှုအခြေအနေ၊ ဆေးရုံအတွင်း လတ်တလောအခြေအနေတွင် (၄)ပေကျော်ခန့်အထိ ရေများဝင်ရောက်နေမှု အခြေအနေ၊ လူနာများနှင့် ဆေးရုံသုံးပစ္စည်းများအား ပြည်သူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့/မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆေးရုံဝန်ထမ်းများ ပူးပေါင်း၍ ရေလွတ်ရာသို့ ရွှေ့ပြောင်းထားရှိမှုအခြေအနေ၊ ဆရာဝန်နေအိမ်နှင့် ဝန်ထမ်းအိမ်ရာများအတွင်း ရေဝင်ရောက်နေမှုအခြေအနေ၊ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးရန် စီစဉ်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဉီးစီးဌာနမှူးနှင့် အဖွဲ့သည် လူနာများယာယီ ရွှေ့ပြောင်း ထားရှိသော သုဓမ္မာရာမစာသင်တိုက် ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ လူနာများ၊ သူနာပြုများနှင့် ဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ပြီး ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးဒဏ်ခံရသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား‌ပြောကြားကာ အရေးပေါ်အခြေအနေအရ ကျန်းမာရေးလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူးက ပိန်းဇလုပ်တိုက်နယ်ဆရာဝန်နှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ နေအိမ်များတွင် ရေဝင်ရောက်နေသော်လည်း ဆေးရုံမှလူနာများနှင့် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနည်းပါးစေရန် အထူးဂရုစိုက် စီစဉ်ဆောင်ရွက်ထားရှိမှုအတွက် ချီးကျူးဂုဏ်ယူပါကြောင်း၊ ပျက်စီး ဆုံးရှုံးမှုစာရင်း ရရှိပါကလည်း တင်ပြပေးစေလိုပါကြောင်း၊ ဓာတ်မှန်စက်အစိတ်အပိုင်းအချို့ အပါအဝင် ရေနစ်မြုပ် သွားခဲ့သည့် စက်ပစ္စည်းများ၊ Transformer အပါအဝင် လျှပ်စစ်ပစ္စည်းများအား မသုံးစွဲမီ အန္တရာယ်မဖြစ်စေရန် ကျွမ်းကျင်သူများနှင့် စမ်းသပ်စစ်ဆေးပြီးမှ သုံးစွဲစေလိုပါကြောင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အထူးအလေးထား၍ ဆောင်ရွက်ပေးစေလိုပါကြောင်း စသည်ဖြင့် မှာကြားခဲ့ကြောင်း သိရသည်။

 

ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် အုန်းနှဲသာချောင်း ရေလျှံမှုဖြစ် ပေါ်ခဲ့ရာ လူနေရပ်ကွက်များအတွင်း ဩဂုတ် ၃ ရက် နံနက်ပိုင်းအချိန်မှစတင်ကာ ရေဝင်ရောက်မှုဖြစ်ပွားနေပြီး ရေဝင်ရပ်ကွက်များမှ ဒေသခံများကို ဘုန်းကြီးကျောင်း နှစ်ကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ထားရှိထားကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)