တောင်ကြီး ၄ သြဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကံသာရပ်ကွက်တွင် သြဂုတ် ၃ ရက် ညနေ ၄ နာရီခန့်က မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် နေအိမ်တစ်လုံး မြေစာပိခဲ့ပြီး လူတစ်ဉီးသေဆုံးခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် တောင်ကြီးမြို့ ကံသာရပ်ကွက် နယ်မြေ(၂) အောင်သပြေလမ်းနေ ဦးရွှေအေး (၅၂ နှစ်) နေအိမ်နောက်ဘက်ရှိ အလျား(၁၅)ပေ၊ အနံ(၁၀)ပေ၊ သွပ်မိုး၊ ဝါးထရံကာ (၁)ထပ် နေအိမ်၌ အိမ်ငှား နေထိုင်သူ ဇင်မင်းထွန်း (၂၆ နှစ်)သည် ဇနီးဖြစ်သူ မမိုးမိုးနှင့် ပစ္စည်းများရွှေ့ပြောင်းနေစဉ် အိမ်လက်ယာ ဘက်ကပ်လျက်ရှိ အမြင့်(၁၅)ပေခန့် တောင်ကုန်းမှ ကျောက်တုံးများ ပြိုကျမှုဖြစ်ပွားခဲ့ရာ အိမ်ပေါ်သို့ ကျောက်တုံး၊ ကျောက်ခဲများ ပြိုကျခဲ့သဖြင့် ဇင်မင်းထွန်းမှာ ကျောက်တုံးကျောက်ခဲများ ပိမိသေဆုံးပြီး ဇနီးဖြစ်သူမှာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါနေရာသို့ တပ်ရင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများက ပြိုကျခဲ့သော ကျောက်တုံး၊ ကျောက်ခဲများအား ဖယ်ရှားရှင်းလင်းရာ ပိမိနေသော ဇင်းမင်းထွန်းကို သေဆုံးလျက်တွေ့ရှိရပြီး မေတ္တာရှင်အသင်းကူညီမှုဖြင့် စဝ်စံထွန်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် အိမ်အနီးဝန်းကျင်ရှိ အိမ်ထောင်စု(၁၆)စုကို ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းနေထိုင်ရေးအတွက် တာဝန်ရှိများက စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)