မိတ္ထီလာ ၄ ဩဂုတ်
မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသော သဲတောလေးကျေးရွာ ချောင်းကူးတံတားအား အသစ်ပြန်လည်ဆောက်လုပ်နိုင်ရန် ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တပ်မတော်သား များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကျေးရွာဒေသခံများက ဝိုင်းဝန်းပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ဩဂုတ်လ ၂ ရက်က မိုးအဆက်မပြတ် ရွာသွန်းပြီး ချောင်းရေတိုက်စားလို့ ပျက်စီးသွားတဲ့ သဲတောလေးကျေးရွာ ချောင်းကူးတံတားကို အသစ်ပြန်လည်ဆောက်လုပ်နိုင်ဖို့အတွက် ဒီနေ့မနက်မှာ နယ်မြေခံ တင့်ကားတပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ဝ၊ မီးသတ်တပ်ဖွဲ့ခရိုင်ဦးစီးမှူး ဦးကျော်ဆန်း နဲ့ တပ်ဖွဲ့ဝင် ၁ဝ ဦး နဲ့အတူ ကျေးရွာဒေသခံတွေပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ငန်းကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ တံတားအသစ်ပြန်လည် ဆောက်လုပ်နိုင်ဖို့အတွက် မြို့နယ်က တာဝန်ရှိသူတွေထံ ဆက်လက်တင်ပြထားပါတယ် ”ဟု ဂဠုန်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမိုး က ပြောသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားပြီး ပျက်စီးသွားသော အဆိုပါ သဲတောလေးကျေးရွာ ချောင်းကူးတံတားမှာ အရှည် ပေ ၄ဝ၊ အကျယ် ၁၂ ပေ၊ သံကူကွန်ကရစ်အမျိုးစားဖြစ်သည်။
သဲတောလေးကျေးရွာတွင် ချောင်းကူးတံတား ပျက်စီးခဲ့သည့်အပြင် ကျေးရွာဒေသခံများ စိုက်ပျိုးထားသော နှမ်း၊ ဝါ၊ ပြောင်း သီးနှံစိုက်ခင်းဧက ၂ဝ ခန့်လည်း မိုးရေဝင်ရောက်ပြီး ပျက်စီးဆုံးရှုံးမှုရှိကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပြ၍ သိရသည်။
ချမ်းသာ (မိတ္ထီလာ)