ချောင်းဆုံ ၄ ဩဂုတ်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ မွေးမြူရေး လုပ်ကိုင် ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ရောဂါကင်းရှင်းသည့် တိရစ္ဆာန်များနှင့် အရည်အသွေးမြင့် တိရစ္ဆာန်ထွက်ပစ္စည်းများ မွေးမြူထုတ်လုပ်နိုင်ပြီး စားနပ်ရိက္ခ, များဖူလုံစေရန် နှင့် မိသားစု ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်ပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ (အ.မ.က)ကျောင်းတွင် ယနေ့ နံနက်က တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုနှင့်တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပညာပေး သင်တန်းကို ကျင်းပသည်။
အဆိုပါ သင်တန်းတွင် မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ နီနီမော်က စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက် (CERP) လုပ်ငန်းစဉ်အရ ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များဖြေလျှော့ပြီး မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန် တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်မှုရှိစေရန်အတွက် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပညာပေးသင်တန်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းအား ချောင်းဆုံမြို့နယ်တွင် ဩဂုတ် ၄ ရက်မှ ၆ ရက်အထိ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်သည်။
သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်အတွင်း မွေးမြူရေးနှင့်ပတ်သက်သည့် လိုက်နာ ဆောင် ရွက်ရမည့် အချက်များ၊ တိရစ္ဆာန်များတွင် ရာသီအလိုက်ဖြစ်ပွားတတ်သည့် ရောဂါအခြေအနေများနှင့် ကုသမှု နည်းလမ်းများ စသည်တို့ကို သင်ကြားပို့ချပေးခဲ့ပြီး ၎င်းသင်တန်းအပြင် သိုး၊ ဆိတ် မွေးမြူရေး သင်တန်း မေထုန်မဲ့ သားစပ်သင်တန်းနှင့် ဝက်၊ ကြက် မွေးမြူရေးသင်တန်းများအား စက်တင် ဘာလအထိ သတ်မှတ်ရက်များနှင့်အညီ ဘိုးနက်၊ ကုလားဘီ၊ နှီးမုတ်၊ ကလော့၊ ချောင်းဆုံ တိုးချဲ့ ရပ်ကွက် စသည့် နေရာ(၅)နေရာတွင် သင်တန်းအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် မွေး/ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနွဲ့နွဲ့ရီထံမှ သိရသည်။
ထူးအိမ်(ချောင်းဆုံ)


