မုံရွာ ၄ သြဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေး ဝင်ငွေ တိုးတက်ရေးစီမံကိန်း (AIIP) စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများအတွက် စတုတ္တ အကြိမ်မြောက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသတန်း အမှတ်စဉ်(၂)သင်တန်းကို  ယနေ့ နံနက်ပိုင်းက စတင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ယနေ့သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းရှိန် က ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသို့ စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး စီမံကိန်း ဧရိယာအတွင်းရှိ ကန့်ဘလူ၊ အရာတော်၊ ဘုတလင်၊ ဒီပဲယင်းမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့မှ စိုက်ပျိုးရေး ဝန်ထမ်း(၆၀)တို့ တက်ရောက်ကြောင်း သိရသည်။

 

“အခုသင်တန်းကတော့ ဒုတိယအကြိမ်အဖြစ် စီမံကိန်းဧရိယာ အတွင်းမှာရှိတဲ့ မြို့နယ်(၅)မြို့နယ်က စိုက်ပျိုးရေး ဝန်ထမ်းတွေကို ဖွင့်လှစ်သင်ကြားပေးတာဖြစ်တယ်၊ ပထမအကြိမ်မှာက စီမံကိန်းဧရိယာအတွင်းမှာရှိတဲ့ မြို့နယ် (၄)မြို့နယ်က စိုက်ပျိုးရေးဝန်ထမ်းတွေကို ဇူလိုင်လနောက်ဆုံးပတ်က အခုလို(၄)ရက်ကြာ ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါတယ်၊ ဒီကနေ့သင်တန်း စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းဖော်ဆောင်နေတဲ့ ဒေသအတွင်းက တောင်သူတွေအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမဲ့ နည်းပညာတွေကို သင်ကြားပေတာဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန် က ပြောသည်။

 

အဆိုပါ သင်တန်းတွင် မြေဆီလွှာပြသနာများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ဒေသအလိုက် ဆောင်ရွက်ထားရှိသော စမ်းသပ်ကွက်ရလဒ်များ၏ သုံးသပ်အကြံပြုချက်များကို တောင်သူများဆီသို့ ပေးပို့ ပညာပေးခြင်း၊ တောင်သူပညာပေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊Tablet ကိုအသုံးပြု၍ IT အခြေခံပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ပုံ နည်းစနစ်များ စသည့်ဘာသာရပ်များကို သင်ကြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)