တန့်ဆည် ၄ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက်(CERP)အရ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက ရွာမအုပ်စု၊ ရွာမကျေးရွာ တိရစ္ဆာန်မွေးမြူရေးခြံ၌ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါတ်တာမြင့်မြင့်ခိုင် က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါက်တာအိမွန်စိုးက တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုနှင့်ပတ်သက်၍ ကာကွယ်ရေး နည်းလမ်းများ၊ မွေးမြူရေး ဆိုင်ရာနည်းပညာများ၊ ဒုတိယဦးစီးမှူး ဒေါက်တာမင်းထွေးက ဝက်မွေးမြူရေးနှင့် ပတ်သက်၍ မွေးမြူ ရေးဆိုင်ရာ နည်းလမ်းများ၊ ဝက်များတွင် ဖြစ်ပွားလေ့ရှိသော ရောဂါများ၊ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ ရွာမကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ ကတိုးကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာများမှ (၁)ရွာလျှင် သင်တန်းသား(၂၀)စီ တက်ရောက်ခဲ့ကြပြီး သင်တန်းအမျိုးအစားခွဲခြား၍ သင်တန်းနည်းပြများက သင်ကြားပို့ချခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)