လှိုင်းဘွဲ ၄ ဩဂုတ်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ သိရှိ နားလည်စေရန် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အမည်စာရင်း ကပ်ထားကြေညာထားရှိမှုအပေါ် မှားယွင်းမှု မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ညွန့်နှင့် အဖွဲ့ဝင် ဦးဇော်ဇော်ဦးတို့က မဲစာရင်းကပ်ထားကြေညာထားရှိမှုနှင့် ပတ်သက်၍ အခက်အခဲရှိပါက တင်ပြရန်၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ မဲဆန္ဒရှင်စာရင်း ကပ်ထားခြင်း ပထမအကြိမ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများတွင် မပါဝင်ခြင်း၊ ကန့်ကွက်ခြင်း၊ အမည်မှားယွင်းစွာဖော်ပြခြင်း၊ စာလုံးပေါင်းသတ်ပုံမှားယွင်းခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် ပုံစံစာရင်းတွင် ပြည့်စုံစွာဖော်ပြ၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် စနစ်တကျတင်ပြသွားကြရန် မှာကြားခဲ့သည်။

 

ထို့နောက်  မြို့နယ်ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်အိသဉ္ဇာအောင် က နေ့တွက်စာရိတ်များကို သတ်မှတ်ရက်အတွင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဥက္ကဌနှင့် အတွင်းရေးမှူးများကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ရေးကို အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)