ဘားအံ   ၄   ဩဂုတ်

 

မိုးသည်ထန်စွာရွာသွန်းပြီး ဂျိုင်းမြစ်ရေမြှင့်တက်လာသည့်အတွက် ဘားအံ-ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်တွင်ရှိသည့် ဂျိုင်းမြစ်ကူး Pontoon ramp အတက်အဆင်းလမ်းကို ယနေ့ နံနက်ပိုင်းမှစ၍ တစ်ဖက်လျှင် ပေ ၈၀ စီ စုစုပေါင်း ပေ ၁၆၀ တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တန် ၆၀ ပွန်တွန်းတံတားကို ကရင်ပြည်နယ် သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းရှင်များ ကုမ္ပဏီလိမိတက်က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး Pontoon ramp အတက်အဆင်းလမ်း တပ်ဆင်နေသည့် ကာလအတွင်း မော်တော်ယာဉ်များကို ၂ နာရီခြား၊ ၃ နာရီခြား တစ်ကြိမ် ဖြတ်သန်းသွားလာ စေသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိဘဲ ပုံမှန်အခြေအနေတွင် သာရှိကြောင်း သိရသည်။

 

ထိုသို့ဖြတ်သန်းရာတွင် ကုန်နှင့်ယာဉ်အလေးချိန်ကို ကန့်သတ်မှုမရှိဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် တန်ချိန်အတိုင်း ကုန်တင်ယာဉ်ကြီးများအားလုံးကို ဖြတ်သန်းခွင့်ပေးထားကြောင်း၊ ဂျိုင်းမြစ်ရေသည် ယနေ့ နံနက် ၆ နာရီ တိုင်းတာချက်များအရ စိုးရိမ်ရေအမှတ် ၅၅၀ စင်တီမီတာအောက်    ၄၀၀   စင်တီမီတာသို့ ရောက်ရှိနေပြီး   ၃၆ နာရီအတွင်း တစ်မီတာခွဲခန့် မြင့်တက်လာရာ ပွန်တွန်းတံတား ပေါ်မှ ဖြတ်သန်းသွားလာနေကြသော မော်တော်ယာဉ်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိလာသည့်အတွက် အရန်အဖြစ်ထားရှိသည့် Pontoon ramp အတက်အဆင်းလမ်းကို တပ်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)