ရန်ကုန် ၄ ဩဂုတ်

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် မဆုံးရှုံးရစေရန် သွားရောက်ကြည့်ရှုရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။

 

“မိမိမဲပေးပိုင်ခွင့် ရှိပါလျက်နဲ့ မဲမပေးဘူးဆိုရင် မိမိအခွင့်အရေး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မိမိတင်မြှောက်ချင်တဲ့ပုဂ္ဂိုလ် တစ်စုံတစ်ယောက်ကို မဲပေးခြင်းအားဖြင့် မိမိနိုင်ငံအကျိုး မိမိရပ်ရွာအကျိုးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ မဲပေးပိုင်ခွင့် မဆုံးရှုံးရအောင် မဲစာရင်းသွားကြည့်ကြပါ။ မပါရင် လျှောက်ထားကြပါ။ မပါသင့်တဲ့သူပါရင် ကန့်ကွက်ကြပါ။ မိမိကိုယ်တိုင်လည်း မိမိနှစ်သက်တဲ့ပုဂ္ဂိုလ် ကိုယ်စားလှယ်လောင်းတွေကို မဲသွားပေးပါလို့ ပြောချင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းများကို တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ရုံးများတွင် ပထမအကြိမ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်နေ့အထိ ကပ်ထားကြေညာပေးလျက်ရှိပြီး ဒုတိယအကြိမ် အောက်တိုဘာလတွင် ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က သိရသည်။

 

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်မဲစာရင်း မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ကြေညာထားကြောင်း သိရသည်။

 

“မဲပေးပိုင်ခွင့်ရှိရဲ့သားနဲ့ မဲစာရင်းမှာ နာမည်မပါဘူးဆိုရင် သတ်မှတ်ထားတဲ့ ရပ်ကွက်ကျေးရွာ ကော်မရှင်ရုံးမှာ သွားရောက်လျှောက်ထားလို့ ရပါတယ်။ အဖေ နာမည် လွဲမှားမယ်။ မှတ်ပုံတင်နံပါတ် လွဲမှားနေတယ်ဆိုရင်လည်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်ရုံးမှာ ပြုပြင်လျှောက်ထားလို့ရပါတယ်။ သေဆုံးသူတွေရဲ့ နာမည်တွေ ကိုယ့်မြို့နယ်ကမဟုတ်ဘဲ တစ်ခြားမြို့နယ်က နာမည်တွေ မဲစာရင်းမှာ ပါနေတယ်ဆိုရင်လည်း ပုံစံ(၄)မှာ အထောက်အထားနဲ့ တင်ပြပြီး ပယ်ဖျက်ပေးဖို့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်ကနေ သွားရောက်ကန့်ကွက်လို့ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၅၆ သိန်းခန့်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် မဲပေးပိုင်ခွင့် ရှိသူဦးရေ ၆ သိန်းခန့် တိုးလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးက သိရသည်။

 

သတင်း- မင်းသစ်(MNA)/ဓာတ်ပုံ-နေလင်း

 

mdn