နေပြည်တော် ၄ ဩဂုတ်

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ် (နေပြည်တော်)တို့ရှိ တိရစ္ဆာန်များအစာအတွက် လှူဒါန်းငွေပေးအပ်ပွဲအား ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းတွင် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌ ကျင်းပသည်။

 

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မှုကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း တိရစ္ဆာန်ဥယျာဉ်များအား အများပြည်သူ ဝင်ရောက်ခွင့်ပိတ်ထားသဖြင့် တိရစ္ဆာန်များအစာအတွက် သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ စုပေါင်းလှူဒါန်းငွေ ကျပ် ၇၂၀၀၀၀ အား သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တာဝန်ခံထံသို့ ပေးအပ်လှူဒါန်းသည်။ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နှင့် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တို့တွင်လည်း ဆက်လက်လှူဒါန်းသွားမည်ကြောင်း သိရသည်။

 

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့တွင် တိရစ္ဆာန်အမျိုးပေါင်း (၁၀၀)ရှိ၍ နို့တိုက်သတ္တဝါ (၅၃၆)ကောင်၊ တွားသွားသတ္တဝါ (၆၄)ကောင်နှင့် ကျေးငှက်မျိုးစုံ (၃၅၅)ကောင် စုစုပေါင်း(၉၅၅)ကောင် မွေးမြူထားရှိသည်။

 

သတင်းစဉ်