ရန်ကုန် ၄ ဩဂုတ်
မြန်မာနိုင်ငံဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် နေအိမ်အချို့ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဩဂုတ် ၃ ရက်က နေပြည်တော် လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်မကျေးရွာတွင် ရေနစ်မြုပ်ခဲ့သော အိမ်ခြေ(၁၈၀)အတွက် လတ်တလော လိုအပ်သည့် သောက်ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များအား နေပြည်တော် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်နှင့် ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ရေဘေးသင့်ပြည်သူများအား သွားရောက်ပေးအပ်သည်။
ထို့အတူ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများတွင် ရေကျော်လျက်ရှိရာ ကျေးရွာတစ်ရွာမှ တစ်ရွာသို့သွားရောက်မည့် ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီးသွားခဲ့ရာ လေဘေးသင့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရည်သုံး ပစ္စည်းများ၊ ရေပုံးတို့ကို မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထို့အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကံသာရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုသဖြင့် အိမ်တစ်လုံးပြိုကျ ပျက်စီးခဲ့ရာ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ရှင်းလင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် လေပြင်းများတိုက်ခတ်ခဲ့ရာ ပန်ကြူကျေးရွာအုပ်စုနှင့် နမ့်ခတ်ကျေးရွာအုပ်စုတို့တွင် နေအိမ် ၃ လုံး အမိုးလန်ပျက်စီးခဲ့ရာ လေဘေးသင့် အိမ်ထောင်စု ၃ စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)ပုံးစီနှင့် တာပေါ်လင် (၂)ချပ်စီတို့ကို မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက သွားရောက်ထောက်ပံ့ပေးအပ်သည်။
ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် သဘာဝဘေးအန္တရာယ်ကြောင့် အကူအညီလိုအပ်သူများကို လိုအပ်သည့် အကူအညီများပေးခြင်းအပြင် ကိုဗစ်-၁၉ ရောဂါ အပါအဝင် ရောဂါကာကွယ်ရေး လုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းအောင်(MRCS)
