နေပြည်တော် ၄ သြဂုတ်

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိန်ပန်းနွယ်လယ်ယာနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းတွင် အသင်းသား (၄၀၁)ဦးရှိပြီး အသင်းသားများက ရာသီပေါ်သီးနှံ စိုက်ပျိုးရေး၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ရာသီပေါ်သီးနှံများအဖြစ် ကြက်သွန်၊ ခရမ်းချဉ်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခရမ်းသီး၊ ပြောင်း စသည့် သီးနှံများကို အသင်းသားတစ်ဦးလျှင် ပျမ်းမျှ (၃)ဧကနှုန်း စိုက်ပျိုးထားကြောင်း၊ ကိုဗစ်ကာလအတွင်း ကုန်စည်စီးဆင်းမှု အခက်အခဲများစွာနှင့် ယခုနှစ်တွင် စိုက်ပျိုးသီးနှံများအတွက် ရာသီဥတုပူပြင်းပြီး မိုးနည်းပါးသဖြင့် အချို့အသင်းသားတောင်သူများမှာ အခက်အခဲများကြုံတွေ့ရမည်ကို စိုးရွံ့နေကြသော်လည်း မိမိတို့အသင်းမှ အသင်းသားတောင်သူများသည် ယင်းအခက်အခဲများကြားမှပင် စိုက်ပျိုးခဲ့ရာ သီးနှံအထွက်ကောင်းပြီး ဈေးကောင်းရရှိခဲ့သဖြင့် ရရှိသည့်ဝင်ငွေသည် မိသားစု ကျန်းမာရေး၊ ပညာရေးနှင့် အခြားလူမှုရေးကိစ္စများတွင် အထောက်အကူရရှိခဲ့သည်ဟု အသင်းဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောသည်။

 

အဆိုပါအသင်းသည် စိုက်ပျိုးစရိတ်ပံ့ပိုးချေးငွေကို သမဝါယမအသင်းအချင်းချင်းက ရယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်