လူတိုင်းလူတိုင်း စားသုံးသူများဖြစ်ကြသည်။ လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ မိမိတို့စားသောက်မှု၊ ဝတ်ဆင်မှု၊ နေထိုင်မှု၊ ရှင်သန်မှု၊ပျော်ရွှင်မှု စသည်စသည်တို့အတွက် လိုအပ်သမျှသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများတို့ကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်သည် မဟုတ်ရာ ဈေးကွက်တင်ရောင်းချနေသည့် ကုန်စည်များကို ဝယ်ယူစားသောက်သုံး နေကြရသလို မိမိတို့အတွက် လိုအပ်သည့်ဝန်ဆောင်မှုအမျိုးမျိုးတို့ကို လည်းအခကြေးငွေပေး၍ ရယူကြရသည်။ ယင်းသို့ အခကြေးငွေပေးကာ ဝယ်ယူကြရသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများအတွက်လည်း စားသုံးသူအခွင့်အရေး အပြည့်အဝခံစားခွင့်ရှိရမည် ဖြစ်သည်။
စားသုံးသူအခွင့်အရေးများ အပြည့်ရရှိနိုင်စေရေး အပါအဝင် စားသုံးသူကာကွယ်ရေး၊ဘေးအန္တရာယ်ကင်းရှင်းရေး စသည့်ရည်ရွယ်ချက် များဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက် တွင် ပြည်ထောင်စုလွှတ်တော်က ပြန်ခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ကို ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ ထုတ်လုပ်ခြင်း ကုန်သွယ်ခြင်း၊ ရောင်းချခြင်း ဝန်ဆောင်မှုပေးခြင်းတို့ပြုလုပ်ရန်လိုအပ်သည်။ ဥပဒေပါတားမြစ်ချက် များအနက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ်၊ ငွေဒဏ်နှင့် ဒဏ်နှစ်ရပ်စလုံး စသည်ဖြင့် ပြစ်မှုနှင့် သင့်လျပ်သည့် ပြစ်ဒဏ်တစ်ခုခုကို ချမှတ်ခံကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံဈေးကွက်အတွင်း ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူး သယ်ယူရောင်းချခြင်းစနစ် ဖြစ်စေရေးနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအဋ္ဌမနေ့တွင်မေးမြန်းကြားဆွေးနွေး ခဲ့ရာ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင် (ရေသန့်လုပ်ငန်းရှင်) များပါ ဂရုပြုလေ့လာမှတ်သားကြရန်နှင့် ဈေးကွက်အတွင်း ရောင်းချသည့် သောက်ရေသန့်များအားလုံး ကျန်းမာရေးနှင့်ညီညွတ်စေရေး အတွက် အားလုံးကအလေးထားကြရန်အတွက် တိုက်တွန်းနှိုးဆော် လိုသည်။ မြန်မာနိုင်ငံတွင်တရဝင်မှတ်ပုံတင်ထားသော ရေသန့်လုပ်ငန်း ၂၀၀၀ ခန့် ရှိနေသည်ဟု သတင်းများတွင် တွေ့ရှိရသော်လည်း တရားမဝင် မှတ်ပုံမတင်ဘဲ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် ရေသန့် မည်မျှရှိသည်ကို မည်သူမျှမသိနိုင်။
သန့်ရှင်းသော ရေဘူးများ၊ အမှုန်အနည်အနံ့ဆိုးပါနေသည့် ရေများ၊ သိုလှောင်မှု၊ သယ်ဆောင်မှုတို့သန့်ရှင်းမှုမရှိ စနစ်မကျသည့် ရေသန့်ဘူး များက မြို့ကြီးများတွင်ရော အနယ်နယ်အရပ်ရပ် ဒေသအနှံ့အပြားတို့တွင် ရှိနေသည်။ တစ်ခေတ်တစ်ခါက တွင်ရေကန်ရေ၊ မြစ်ရေ၊ ချောင်းရေတို့ကို အဓိကသောက်သုံးခဲ့ကြသော်လည်း ဒေသအနှံ့အပြားတွင် ရေသန့် လုပ်ငန်းများပေါ်ပေါက်လာပြီး ရေသန့်ယဉ်ကျေးမှု ထွန်းကားလာသည်နှင့် အမျှ ကျေးလက်ရာ မြို့ပြတွင်ပါရေသန့်ကို သုံးစွဲလာကြခြင်းဖြစ်သည်။ သို့ရာတွင်သာမန်ရေထက်အဆများစွာ တန်ဖိုးပေဆယ်ယူသောက်သုံးကြရသည့် ရေသန့်များမှာ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ မီရေး သန့်ရှင်းမှုအတွက် အာမခံချက်ရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်ရေးတို့ အတွက်မူ တိတိကျကျမရှိကြသည်က များသည်။
ဥပဒေအရ စားသုံးသူတိုင်းတွင် အခွင့်အရေးရှိသည်။ ကုန်ပစ္စည်း ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှု၊ ဘေးအန္တရာယ်ကင်းရှင်မှုတို့ ရရှိနိုင်ရ မည်။ နစ်နေမှုများအတွက် ရှင်းလင်းတင်ပြခွင့် တိုင်ကြားခွင့်တို့ရှိသလို နစ်နာဆုံးရှုံးမှုတို့အတွက် ကုစားခွင့်ရရှိရမည်လည်းဖြစ်သည်။ စီးပွားရေး လုပ်ငန်းရှင်များဘက်တွင်လည်း ဖြောင့်မတ်မှန်ကန်ဖို့၊ အရည်အသွေး စံသတ်မှတ်ချက်များအပေါ် အာမခံနိုင်ဖို့၊ မိမိကုန်ပစ္စည်းကို ဝယ်ယူ စားသုံးသူများ မနစ်နာစေရေးအတွက် တာဝန်ယူနိုင်ဖို့လိုအပ်သည်။ စည်းကမ်းလိုက်နာ ကျင့်ဝတ်ထိန်းသိမ်းခြင်းအားဖြင့် ရောင်းသူဝယ်သူတို့ နှစ်ဦးနှစ်ဝ အကျိုးဖြစ်ထွန်းနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း