ကျွန်းစု ၅ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများနှင့် နာရေးကူညီမှု အသင်းတို့အား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲကို ဩဂုတ် ၄ ရက် မွန်းလွဲပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့ပေါ် အမှတ်(၂) ရပ်ကွက်နှင့် ကတ္တလူကျေးရွာတို့ရှိ Community Based Facility Quarantine ဖွင့်လှစ်ထားရှိရာတွင် ပါဝင်ကူညီခဲ့သော စေတနာ့ဝန်ထမ်းများနှင့် နာရေးကူညီမှုအသင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် တာဝန်ရှိသူများက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ထားသော အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် Community Based Facility Quarantine (၃၃)နေရာရှိပြီး ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်း(၂၄၁)ဦးနှင့် နာရေးကူညီမှုအသင်း(၁၉)အသင်းရှိရာ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလဖြစ်ပြီး လူစုလူဝေးမဖြစ်စေရေးအတွက် ပြီးခဲ့သည့်အပတ်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဂုဏ်ပြုမှတ်တမ်းလွှာများ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ယခုတွင် ကျန်ရှိနေသော စေတနာ့ဝန်ထမ်းများနှင့် နာရေးကူညီမှုအသင်းများကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)