ကော့သောင်း ၅ သြဂုတ်
ကော့သောင်းခရိုင်အတွင်း ယခုလ ပထမပတ်အတွင်းက ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝ ဘေးဒဏ်သင့်ခဲ့ကြသည့် ကော့သောင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ အိမ်ထောင်စုများအား ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ကူညီမှုလုပ်ငန်းများလိုက်လံ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သြဂုတ်လ ၃ ရက်နှင့် ၄ ရက်တို့က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ကော့သောင်းမြို့ပေါ် ရပ်ကွက်များဖြစ်သည့် အေးရိပ်ငြိမ်၊ရွှေပြည်သာ၊အေးမြကန်သာ၊သီရိမြိုင်၊ ဘုရင့်နောင် ရပ်ကွက်များနှင့် ကျေးရွာများဖြစ်သည့်စူငယ်ဘာလိုင်း၊ကံပုံမာတမ်းကျေးရွာများရှိ ပြည်သူများ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ကော့သောင်းခရိုင် ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၊ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများက လေဘေးဒဏ်သင့် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ အိမ်ထောင်စုများသို့ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ နှင့် ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းနှင့် တာဝန်ရှိသူများရှေ့မှောက်တွင် ပြည်သူများလက်ဝယ်အရောက် လိုက်လံထောက်ပံပေးအပ်ခဲ့ကြခြင်းဖြစ်သည်။
ထောက်ပံ့ကူညီမှုတွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် အိမ်ခြေ (၅၃) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ် ၃၂၉၃၇၄၀ နှင့် အိမ်ထောင်စုပေါင်း (၅၁)စုရှိ လူဦးရေ(၂၆၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၅၆၂၈၀၀ ဖြစ်ပြီး စုစုပေါင်းထောက်ပံ့ငွေပေါင်း ၃၈၅၆၅၄၀ အားထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)