မော်လမြိုင် ၅ သြဂုတ်

 

မွန်ပြည်နယ် မော်လမြိုင်(၁၀)မြို့နယ်ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက်နေသူများထဲမှ ၁၂၅ ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ရာ Community Based Facility Quarantine ကွပ်ကဲရေး တာဝန်ရှိသူများ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဘိုဘိုဝင်း(Rescue) အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားများ ကူညီဆောင်ရွက်ကြောင်း သိရသည်။

 

Quarantine ဝင်ရောက်လာသူများကို ရက်သတ္တတစ်ပတ်အတွင်း အပူချိန်စစ်ဆေးခြင်း၊ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် နမူနာယူ၍ ပြည်သူကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာန (PHL Mawlamyine) ပေးပို့၍ ရောဂါပိုး ရှိ/မရှိ တစ်ကြိမ်စစ်ဆေးပေးသွားမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိ ပါကသက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပေးပြီး မြို့နယ်များမှ (၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မွန်ပြည်နယ်တွင် Quarantine Centre ကို မော်လမြိုင်မြို့နယ်တွင်(၅)ခု၊ သထုံမြို့နယ်တွင် (၃)ခု၊ မုဒုံမြို့နယ် (၁)ခုနှင့် သံဖြူဇရပ်မြို့နယ်(၁)ခု စုစုပေါင်း (၁၀)ခု ထားရှိပြီး မေလ(၁)ရက်နေ့မှ ယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှ နေရပ်ပြန်လာသူပေါင်း (၉၇၁၇)ဦး ရှိပြီးဖြစ်ကြောင်းသိရသည်။

 

စမ်းစမ်းနွယ်(ပြန်/ဆက်)