၅ ဩဂုတ်

 

အမေရိကန်နိုင်ငံက နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဂျိုးဘိုက်ဒန်ဟာ သူနဲ့ အလုပ်တွဲလုပ်မယ့် ဒုသမ္မတလောင်းကို ဒီသီတင်းပတ်အတွင်းမှာ ရွေးချယ်မှာဖြစ်ကြောင်း သတင်းဌာနတွေကို အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

 

ဒုသမ္မတဟောင်း အသက် ၇၇ နှစ်အရွယ် ဘိုက်ဒန်က နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ထရမ့်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဘိုက်ဒန်က ဒုသမ္မတလောင်းကို အမျိုးသမီးတစ်ဦးကို ရွေးချယ်သွားနိုင်ကြောင်း၊ အဲဒီအမျိုးသမီးဟာ ပထမဦးဆုံး အမေရိကန်သမိုင်းမှာ အမျိုးသမီး ဒုသမ္မတဖြစ်လာနိုင်ကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

 

ဒုသမ္မလောင်းအဖြစ် ရွေးချယ်ခံရနိုင်သူတွေထဲမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖခင် အမေရိကန်နိုင်ငံသားနဲ့ မိခင် ထိုင်းနိုင်ငံသားတို့ကနေ မွေးဖွားခဲ့တဲ့ တမ်မီ ဒက်ခ်ဝေါ့သ်လည်း ပါဝင်နေတာကို တွေ့ရပါတယ်။

 

တမ်မီ ဒက်ခ်ဝေါ့သ်ဟာ လက်ရှိမှာ အီလီနွိုင်းပြည်နယ် လွှတ်တော်အမတ်ဖြစ်ပြီး အီရတ်စစ်ပွဲမှာ သူမရဲ့ခြေထောက်နှစ်ချောင်းလုံး ပေးအပ်ခဲ့သူဖြစ်ပါတယ်။

 

အသက် ၅၂ နှစ်အရွယ် တမ်မီ ဒက်ခ်ဝေါ့သ်ဟာ အရှေ့တောင်အာရှမှာ ကြီးပြင်းသူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ အမေရိကန်စစ်သားဟောင်း၊ ကုလသမဂ္ဂမှာ အလုပ်လုပ်သူ ဖြစ်တဲ့အတွက် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ကြီးပြင်းသူဖြစ်ပြီး ထိုင်းစကားကို ပြောနိုင်သူဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၀ ခုနှစ်တွေ အာဏာရယူထားတဲ့ ခမာနီလက်ထက်မှာ ဖနွမ်းပင်မြို့တွင် နေထိုင်ဖူးသူလို့လည်း သိရပါတယ်။  

 

သူမ ဆယ်ကျော်သက်အရွယ်မှာ ဟာဝါရီကို ပြောင်းရွှေ့နေထိုင်ခဲ့ပေမယ့် ဖခင်ဖြစ်သူ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အိုးမဲ့အိမ်မဲ့ အခြေအနေကို ရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ မိသားစုလိုက် အစိုးရထောက်ပံ့ကြေးအပေါ် မှီခိုခဲ့ရဖူးကြောင်း သိရပါတယ်။

 

၁၉၈၉ ခုနှစ်မှာ ဂျော့ဝါရှင်တန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီး ၂၀၁၅ ခုနှစ်မှာ ဒေါက်တာဘွဲ့ရရှိသူ ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ထဲကို ဝင်ရောက်အမှုထမ်းခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ သူမမောင်းနှင်လာတဲ့ ရဟတ်ယဉ်ကို ဒုံးကျဉ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ပါတယ်။

 

ဒက်ခ်ဝေါ့သ်ဟာ ၂၀၁၂ ခုနှစ်မှာ အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပြီး လေးနှစ်အကြာမှာ အိုဘားမား သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် အထက်လွှတ်တော်အမတ် ဖြစ်လာသူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဒုတိယမြောက်ကလေးကို မွေးဖွားခဲ့တဲ့အတွက် အထက်လွှတ်တော်မှာ ကလေးတစ်ယောက်ကို ခေါ်လာပြီး ရုံးတက်တဲ့ ပထမဦးဆုံးလွှတ်တော်အမတ် အမျိုးသမီးဖြစ်လာပါတယ်။

 

MDN

ကိုးကား - AFP