နေပြည်တော် ၅ သြဂုတ်

 

ကရင်ပြည်နယ် ငြိမ်းချမ်းရေးနယ်မြေ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ၁၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ကရင်ပြည်နယ်၌ ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် ကုန်းတွင်း ငါးမွေးမြူရေးလုပ်ငန်းများ၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား မွေးမြူရေးလုပ်ငန်းများနှင့် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊  အလုပ်အကိုင် အခွင့်အလမ်း ရရှိစေနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျွဲ၊ နွား ကုန်သွယ်မှုကို ဥပဒေနှင့်ညီညွတ်သော ပိုမိုလွယ်ကူလျင်မြန်မှုရှိသည့် လုပ်ငန်းစဉ်များ ချမှတ်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ ကျွဲ၊ နွားများအား ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (Good Animal Husbandary Practice - GAHP) လိုက်နာဆောင်ရွက်ရန် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်