နေပြည်တော် ၅ သြဂုတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီသော ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တာဝန်ရှိသူများနှင့် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေကြီး/ ပြည်နယ်အစိုးတို့နှင့် ပူးပေါင်း၍ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုဗစ်-၁၉ လုပ်ငန်းစဉ်ဆိုင်ရာ အသွားအလာကန့်သတ်ခြင်း ပြုလုပ်သည့်နေရာများတွင် စားနပ်ရိက္ခာနှင့် အစားအစာဝယ်ယူရန် ငွေကြေးထောက်ပံ့မှုများ ကူညီဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များ၊ နိုင်ငံရပ်ခြားမှ ဆက်လက်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ အသွားအလာကန့်သတ်ခြင်း ပြုလုပ်သည့်နေရာများတွင် ကူညီဆောင်ရွက်ပေးနေကြသည့် စေတနာ့ဝန်ထမ်း လုပ်အားပေးများအား စားနပ်ရိက္ခာကူညီပေးနိုင်ရေးကိစ္စရပ်များ၊ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများရှိ နေရပ်စွန့်ခွာသူများအား စားနပ်ရိက္ခာအတွက် နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အီလက်ထရောနစ်နည်းပညာဖြင့် ဆောင်ရွက်နိုင်ရေး (WFP) က နည်းပညာ ဆိုင်ရာအကူအညီ ပေးအပ်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်