ကလျာမိုးမြင့် - ရေးသားသည်
အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်နေရတဲ့ စပိန်နန်းစွန့်ဘုရင် ဟွန်ကားလို့စ် နိုင်ငံကနေ ထွက်သွားပြီဆိုတဲ့ ကြေညာချက် ဩဂုတ် ၃ ရက်မှာ ထွက်ပေါ်လာပြီးတဲ့နောက် အဲဒီကိစ္စဟာ စပိန်ပြည်သူတွေအကြား အုတ်အော်သောင်းတင်းဖြစ်ခဲ့ပြီး စိတ်ဝင်စားဖွယ်သတင်းတစ်ခုအဖြစ်နဲ့ နိုင်ငံတကာ သတင်းစာ မျက်နှာတွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။
ပြဿနာရှောင်တိမ်းဖို့လား
နန်းစွန့်ဘုရင် ဟွန်ကားလို့စ်ဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်တွေ ရင်ဆိုင် နေရသူဖြစ်ပြီး ၎င်းရင်ဆိုင်နေရတဲ့ ပြဿနာတွေကနေ တိမ်းရှောင်ဖို့ ပြည်ပကို ထွက်သွားခြင်းဖြစ်တယ်လို့ လည်း မီဒီယာအချို့က ဖော်ပြကြပါတယ်။ စပိန်ကိုစွန့်ခွာ သွားပြီဖြစ်ကြောင်း ၎င်းရဲ့ ထင်မှတ်မထားတဲ့ကြေညာ ချက်ဟာ မီဒီယာတွေကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့ ပြီး ဘုရင်ကြီးဘယ်ကို ထွက်ခွာသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး စပိန်သတင်းမီဒီယာတွေမှာ ထင်ကြေး အမျိုးမျိုးပေးနေကြတာကို တွေ့ရပါတယ်။
ဘယ်ဆီကို မှန်းမသိရ
အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဟွန်ကားလို့စ်ဟာ စပိန် နိုင်ငံကနေ ၎င်းထွက်ခွာသွားပြီဆိုတဲ့အကြောင်း သား ဖြစ်သူ လက်ရှိစပိန်ဘုရင် ဆဋ္ဌမမြောက် ဖိလစ်ပီဆီကို ရေးသားခဲ့တယ်လို့ သိရပါတယ်။ စာထဲမှာဘယ်ကို သွားမယ်ဆိုတာကိုတော့ မဖော်ပြခဲ့ဘူး။ ဒါပေမယ့် ဟွန်ကားလို့စ်ဟာ ဒိုမီနီကန်သမ္မတနိုင်ငံကို ထွက်သွားတာ ဖြစ်မယ်လို့လည်း သတင်းတွေမှာ ဆိုထားပါတယ်။ ၎င်းရဲ့ အမှုနဲ့ပတ်သက်ပြီး အစိုးရရှေ့နေတွေက ဆက်သွယ်စကားပြောဖို့ လိုအပ်လာရင်လည်း ၎င်း အနေနဲ့ဆယ်သွယ်မှာ ဖြစ်တယ်လို့ စာထဲမှာ ကားလို့စ်က ရေးသားထားပါတယ်။
စပိန်ပြည်သူတွေ၊ နိုင်ငံအတွင်းရှိ အဖွဲ့အစည်းတွေနဲ့ ဘုရင်တို့ဟာ ၎င်းတို့ရဲ့ တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်နိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက် နိုင်ငံကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီဆိုတဲ့အကြောင်း ကားလို့စ်ရဲ့ စာထဲမှာရေးသားထားပါတယ်။ စပိန်တော်ဝင် နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ လက်ရှိဘုရင်ဖိလစ်ပီက ဖခင်ရဲ့ ဆုံးဖြတ်ချက်ကိုလက်ခံပြီး ကျေးဇူးတင်စကား ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးမှုစတင်
ပြီးခဲ့တဲ့ဇွန်လအတွင်း စပိန်တရားရုံးချုပ်က ဆော်ဒီအာရေဗျမှာရှိတဲ့ အမြန်ရထားလမ်းစီမံကိန်း ကန်ထရိုက် စာချုပ်ကိစ္စမှာ အငြင်းပွားဖွယ် ကားလို့စ် ပါဝင်ပတ်သက်နေမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို စတင်ခဲ့ပါတယ်။ ၁၉၇၅ခုနှစ်မှာ ဗိုလ်ချုပ်ဖရန်ကို သေဆုံးခဲ့ပြီးတဲ့နောက် စပိန်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိအောင် ကျွမ်းကျင်ပါးနပ်စွာ လမ်းညွှန်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် သမိုင်း မှတ်တမ်းမှာ ထင်ကျန်ခဲ့တဲ့ နန်းစွန့်ဘုရင် ဟွန်ကားလို့စ် အတွက် အခုလို နိုင်ငံထဲကနေ ဆိုင်းမဆင့် ဗုံမဆင့် ထွက်သွားတာဟာ သိမ်ငယ်စရာကိစ္စတစ်ခုလိုဖြစ်တယ် လို့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
စပိန်ဘုရင် ဟွန်ကားလို့စ်ဟာ ၂၀၁၄ ခုနှစ်မှာ သားဖြစ်သူ ဖိလစ်ပီကို ထီးနန်းလွှဲပြောင်းပေးခဲ့ပြီး နန်းစွန့်ခဲ့ပါတယ်။ စပိန်ရဲ့ ဘုရင်အုပ်ချုပ်မှုစနစ်ကို ဂုဏ်သတင်းကျဆင်းစေတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာ အချို့ကလည်း အဲဒီအချိန်ကတည်းက ဖြစ်နေခဲ့တာပါ။
အမျိုးမျိုးဖော်ပြ
ဟွန်ကားလို့စ် ထွက်သွားတာနဲ့ ပတ်သက်လို့ စပိန် သတင်းစာတွေက အမျိုးမျိုးဖော်ပြနေကြပါတယ်။ လာဗန်ဂါဒီယာသတင်းစာက ကားလို့စ်ဟာ ဩဂုတ် ၃ ရက် နံနက်အစောပိုင်းမှာ ပေါ်တူဂီကိုသွားခဲ့ပြီး အဲဒီကနေမှ ၎င်းရဲ့ မိတ်ဆွေတွေနဲ့ အတူနေထိုင်ဖို့ ဒိုမီ နီကန်သမ္မတနိုင်ငံကို လေယာဉ်နဲ့ထွက်သွားဖို့ စီစဉ်ခဲ့ ဟန်ရှိကြောင်း ဖော်ပြထားပါတယ်။
နောက်ထပ် နေ့စဉ်သတင်းစာတစ်စောင်ဖြစ်တဲ့ အေဘီစီမှာတော့ ကားလို့စ်ဟာ ဒိုမီနီကန်သမ္မတနိုင်ငံ ကို ရောက်ရှိနေပြီလို့ ဖော်ပြထားသလို တခြားသော သတင်းစာတွေကလည်း ပေါ်တူဂီလိုလို၊ ပြင်သစ်လိုလို အီတလီလိုလိုနဲ့ မှန်းဆချက်တွေ အမျိုးမျိုးပေးနေကြပါတယ်။ ဒိုမီနီကန်သတင်းမီဒီယာတွေဆီကနေတော့ ၎င်းဘယ်မှာရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သတင်းဖော်ပြကြတာမျိုး မတွေ့ရသေးပါဘူး။
ရပ်တန့်တော့မည်
ပြီးခဲ့တဲ့မတ်လအတွင်း ဆဋ္ဌမမြောက်ဘုရင် ဖိလစ်ပီ က ဖခင်ရဲ့ အမွေကိုဆက်ဆံဖို့ သဘောတူလက်ခံကြောင်း ကြေညာခဲ့ပါတယ်။ တော်ဝင်နန်းတော်ကလည်း နန်းစွန့်ဘုရင် ဟွန်ကာလို့စ်ဟာ နှစ်စဉ် ပေါင် ၁၉၄၀၀၀ (အမေရိကန်ဒေါ်လာ ၂၂၈၀၀၀) ကို လက်ခံရယူနေတာကို ရပ်တန့်တော့မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
သားဖြစ်သူထံသို့ ကားလို့စ်ရဲ့ ထီးနန်းလွှဲပြောင်းပေးအပ်လိုက်ပြီးနောက်မှာ စပိန်တရားရုံးချုပ်က ဆော်ဒီ အာရေဗျ ကန်ထရိုက်စာချုပ်တစ်ခုနဲ့ ကားလို့စ်ရဲ့ ပတ်သက်ဆက်နွယ်နေမှုကို စုံစမ်းစစ်ဆေးမှုစတင် လုပ်ဆောင်မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
ဆွစ်ဇာလန်ဘဏ်တွေကို စစ်ဆေးမယ်
ဆော်ဒီအာရေဗျနိုင်ငံရဲ့ မက္ကာနဲ့ မက်ဒီနာကို ဆက်သွယ်ထားတဲ့ အမြန်ရထားလမ်းဖောက်လုပ်ဖို့ စပိန်ကုမ္ပဏီတွေက ဒေါ်လာ ၆ဒသမ ၇ ဘီလီယံ (ယူရို ခြောက်ဘီလီယံ) တင်ဒါအနိုင်ရရှိထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွစ်ဇာလန်ဘဏ်တွေ ကိုလည်း စုံစမ်းစစ်ဆေးမှုလုပ်ဆောင်မယ်ဆိုပြီး ကြားသိ ရပါတယ်။
နန်းစွန့်ဘုရင်ဟောင်းဟာ တရားဝင် အသိပေး ကြေညာခြင်းမရှိတဲ့ ဘဏ္ဍာငွေတွေတချို့ကို ဆွစ်ဇာလန် မှာ အပ်နှံသိမ်းဆည်းထားတယ်လို့ သံသယရှိကြောင်းနဲ့ ဒီကိစ္စကို ဆွစ်ဇာလန်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်း စပိန်စုံစမ်းစစ်ဆေး ရေးအာဏာပိုင်တွေကပြောပါတယ်။စပိန်အစိုးရအဖွဲ့က တရားမျှတမှုဆိုတာဟာ လူတိုင်းအတွက် တန်းတူအခွင့် အရေးတစ်ခုဖြစ်ပြီး စုံစမ်းစစ်ဆေးမှုကို အဟန့်အတား ' အဖြစ်ခံမှာ မဟုတ်ဘူးလို့ စပိန်အစိုးရအဖွဲ့ကပြောကြားခဲ့ပါတယ်။
ဟွန်ကားလို့စ်၏ကိုယ်ရေးအကျဉ်း
စပိန်ဘုရင်ဟောင်းဟွန်ကားလို့စ်ကို ၁၉၃၈ ခုနှစ်မှာ အီတလီနိုင်ငံ ရောမမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖက်ဆစ် အာဏာရှင်ဖြစ်တဲ့ ဗိုလ်ချုပ် ဖရန်စစ္စကို ဖရန်ကို သေဆုံးပြီး နှစ်ရက်အကြာ ၁၉၇၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှာ နန်းတက်ခဲ့ပါတယ်။ အကျပ်အတည်းကာလတစ်ခုအတွင်းမှာ စပိန်နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပို့ဆောင်ပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုချီးကျူးခံခဲ့ရသူ ဖြစ်ပါတယ်။ ထီးနန်းကို ၃၉ နှစ်ကြာအောင် စိုးစံခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဇွန် ၁၈ ရက်မှာ သားဖြစ်သူ ဖိလစ်ပီထံသို့ ထီးနန်း လွှဲအပ်ခဲ့ပါတယ်။ ။
ကိုးကား - အေအက်ဖ်ပီ