mdn

၆ သြဂုတ်

 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် ကိုဗစ် - ၁၉ ကပ်ရောဂါအတွင်း ဘောလုံးပွဲများ၌ ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အလို့ငှာ ကစားသမားများ အနေဖြင့် ပြိုင်ဘက်ကစားသမားများ၊ ဒိုင်လူကြီးများ သို့မဟုတ်ပွဲတာဝန် ရှိသူများကို မျက်နှာမူ၍ ရည်ရွယ်ချက်ရှိရှိဖြင့် ချောင်းဆိုးခြင်း၊ ချောင်းဟန့်ခြင်းများပြုလုပ်ပါ က တိုက်ရိုက်အနီကတ်ပြားပြကာ ထုတ်ပယ်သွားနိုင်မည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ စည်းမျဉ်းသစ်ကို လာမည့် သြဂုတ် ၂၉ ရက်တွင် ကွန်မြူနတီဒိုင်းလုပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် လီဗာပူးနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်တွင် အသုံးပြုသွားဖွယ် ရှိကြောင်းလည်း သိရသည်။

 

ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသော ကြေညာချက်တွင် တစ်စုံတစ်ဦးကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးချောင်းဟန့်တာ သိသာထင်ရှားရင် အဆိုပါ ကစားသမားကို ကွင်းလယ်ဒိုင်လူကြီးက အနီကတ်ပြ အရေးယူသွားမည်ဖြစ်ပြီး သိသာထင်ရှားခြင်းမရှိပါက ပရော်ဖက်ရှင်နယ်အားကစားသမား မပီသသည့် အပြုအမူ၊ ပွဲအပေါ် မထီမဲ့မြင် ပြုလုပ်သည့်အပြုအမူအဖြစ် သတ်မှတ်မည်ဖြစ်ကာ အဝါကတ်ပြားပြသပြီး အရေးယူသွားမည်ဖြစ်ကြောင်းဖော်ပြပါရှိသည်။ ထို့အပြင် ပြိုင်ဘက်ကစားသမားကို ဆဲရေးတိုင်းထွာခြင်း၊ ရန်ပြုခြင်း၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာဖြင့် ရိုင်းပျစွာပြောဆိုဆက်ဆံခြင်းများကိုလည်း အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ပုံမှန်အတိုင်း ချောင်းဆိုးခြင်းကို အရေးယူသွားမည်မဟုတ်ဘဲ တံတွေးထွေးခြင်း၊ နှာချေခြင်း စသည့်အပြုအမူများကိုလည်း သတိပေးမှု လောက်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

အခြားသတင်းတစ်ရပ်တွင် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ (IFAB) သည် လာမည့်ဘောလုံးရာသီတွင် ကစားသမားငါးဦးအထိ လဲလှယ်ခွင့်ကို ၊ ဆက်လက်ခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။  ၁၉၉၄-၉၅ ခုနှစ်နောက်ပိုင်းမှစပြီး ယခုနှစ်ရာသီဒုတိယနှစ်ဝက်အစပိုင်းလောက်အထိ ကစားသမား သုံးဦးအထိသာ လဲလှယ်ခွင့်ပြုထားကြောင်း သိရသည်။ သို့သော်လည်း လာမည့်ကွန်မြူနဒီဒိုင်းလုပွဲတွင် တစ်သင်းကို ကစားသမားခြောက်ဦးအထိ လဲလှယ်ခွင့်ပြုထားကြောင်း ဖော်ပြထားသည်။

အောင်ဇော်