၆ ဩဂုတ်

 

 

အာဖဂန် နယ်စပ်တစ်လျှောက်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ပါကစ္စတန် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် စစ်တပ်ဘက်က ယမန်နေ့ ညပိုင်းက ပြောကြားခဲ့သည်။

 

 

ထိုစစ်တပ် ထုတ်ပြန်ချက်တွင် ခီဘာ ပါ့ခ်ဝါးပြည်နယ် ဒါးခရိုင် ဘင်ရှာဟီဒေသရှိ အာဖဂန် နယ်စပ်တစ်လျှောက်တွင် မော်တာ နှင့် လက်နက်ကြီးများ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

 

 

ထိုပစ်ခတ်မှုများကြောင့် စစ်သားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု စစ်တပ်သတင်း မီဒီယာ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

 

 

အဆိုပါ ပစ်ခတ်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပါကစ္စတန် တာလီဘန်တို့က တွစ်တာတွင် ရေးသားဖော်ပြထားသည်။

 

 

ပါကစ္စတန် စစ်သွေးကြွများသည် အာဖဂန်ဘက်မှ နယ်စပ်ဒေသများကို တိုက်ခိုက်မှု ပုံမှန် လုပ်ဆောင်ကြသည်ဟု သိရသည်။

 

 

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်သည် ကီလိုမီတာ ၂၆၀ဝ နီးပါး ရှည်လျားသည်။ ထိုစစ်သွေးကြွများ၏ ဝင်ရောက် လှုပ်ရှားမှုများကို ပိတ်ဆို့ရန် ပါကစ္စန်နိုင်ငံက အာဖဂန်နစ္စတန် နယ်စပ်ကို ခြံစည်းရိုး ကာရံနေသည်။

 

 

ပြီးခဲ့သည့် သီတင်းပတ်က ခီဘာ ပါ့ခ်ဝါးပြည်နယ် မျိုးနွယ်စုဒေသ ဘာဂျားခရိုင်ရှိ လုံခြုံရေးတပ်ဖွဲ့များ တပ်ချထားရာ နေရာကို  အာဖဂန် နယ်စပ်ဘက်မှ စစ်သွေးကြွများက ပစ်ခတ်ခဲ့သဖြင့် စစ်သားတစ်ဦး သေဆုံးခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို