မကွေး ၆ သြဂုတ်
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၇ ခု၌ ဧရာဝတီမြစ်ရေတက်၍ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၄ ရက်ထိ လူဦးရေ ၅၀၀၀ ကျော် ရေဘေးကြုံကာ ယာယီရွှေ့ပြောင်းနေထိုင်မှုများရှိခဲ့ပြီး ကူညီထောက်ပံ့မှုများ လုပ်ဆောင်ထားကြောင်း တိုင်းဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက သိရသည်။
“တိုင်းထဲက မြို့နယ်(၇)ခုမှာ လူဦးရေ ၅၀၀၀ ကျော် မြစ်ရေကြီးမှုကြုံရလို့ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေပါတယ်။ မိုးရွာပြီး ချောင်းရေတက်လို့ အိမ်တွေမျောပါ ပျက်စီးတာတွေလည်း ရှိနေပါတယ်။ လူ ၅ ယောက် ရေနဲ့ပါသွားပေမယ့် အသက်ရှင်လျက် ပြန်တွေ့ထားပါတယ်” ဟု မကွေးတိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။
ချောက်မြို့နယ်တွင် ရပ်ကွက်(၆)ခုမှ အိမ်ထောင်စုပေါင်း (၂၃၃)စု၊ လူဦးရေ (၈၄၄)ဦး၊ ရေနံချောင်းမြို့နယ်တွင် မိန်းမလှ၊ ဝက်လွတ်၊ ရွာသစ်၊ ထနောင်းကုန်း စသည့်ကျေးရွာများမှ အိမ်ထောင်စု (၁၂၁)စု၊ လူဦးရေ (၅၃၃)ဦး၊ မကွေးမြို့နယ်တွင် မြေနုကျေးရွာနှင့် သဖန်းဆိပ်ကျေးရွာတို့မှ အိမ်ထောင်စု (၇၅)စု၊ လူဦးရေ (၂၉၂)ဦးတို့ မြစ်ရေကြီးမှု ကြုံခဲ့ရသည်။
အလားတူ ကံမမြို့နယ်တွင် ရပ်ကွက်(၄)ခုနှင့် ကျေးရွာ(၁)ရွာမှ အိမ်ထောင်စု (၁၇၄)၊ လူဦးရေ (၆၅၁)ဦး၊ ပခုက္ကူမြို့နယ်တွင် အမှတ်(၁)ရပ်ကွက်နှင့် ကျေးရွာ(၅)ရွာတို့မှ အိမ်ထောင်စု (၅၁၀)စု၊ လူဦးရေ (၁၈၆၂)ဦး၊ ရေစကြိုမြို့နယ်တွင် ကျေးရွာ (၃)ရွာမှ အိမ်ထောင်စု (၁၂၁)၊ လူဦးရေ (၃၃၈)ဦး၊ မင်းဘူး(စကု)မြို့နယ်တွင် ရပ်ကွက်(၃)ခုနှင့် ကျေးရွာ(၅)ရွာမှ အိမ်ထောင်စု (၂၄၀)၊ လူဦးရေ (၆၅၁)ဦး မြစ်ရေကြီးမှု ကြုံခဲ့ရသည်။
သြဂုတ် ၃ ရက်က မိုးသည်းထန်းစွာရွာသွန်းခဲ့ခြင်းကြောင့် အောင်လံမြို့နယ်၊ လက်ပံခုန်ကျေးရွာ၌ ရေဘေးဒုက္ခရောက်ခဲ့ရပြီး ရေမျောနှင့် ပျက်စီးအိမ်ခြေ (၅၂)လုံးအတွက် ငွေကျပ် သိန်း ၃၀ ကျော်၊ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဘေးကြုံခဲ့ရသည့် အိမ်ထောင်စု (၁၇၄၇)စု၊ လူဦးရေ (၅၁၇၁)ဦးအတွက် တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် (၇)ရက်စာ ဆန်ရိက္ခာဖိုး ကျပ် ၁၀၈ သိန်းကျော် ထောက်ပံ့ထားပြီးဖြစ်ကြောင်း မကွေးတိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိုးထံက သိရသည်။
ဇေယျတု(မကွေး)