မကွေး ၆ သြဂုတ်
မကွေးပညာရေးကောလိပ်နှင့် မကွေးတက္ကသိုလ်တို့၌ ပညာသင်ကြားနေဆဲ ကျောင်းသားကျောင်းသူများဖြင့် ဖွဲ့စည်းထားသည့် Student Voice ပညာဒါနအသင်းက ကျောင်းများပြန်ဖွင့်ချိန်တွင် မူလတန်းအရွယ်ကလေးများအား ပညာမျှဝေနိုင်ရန် သင်ထောက်ကူပစ္စည်းများကို စတင်လုပ်ဆောင်နေကြောင်း အဆိုပါအသင်း တာဝန်ခံထံမှ သိရသည်။
“ကျွန်တော်တို့အဖွဲ့လေးကို အင်အား ၄၀ ဦးနဲ့ စဖွဲ့ခဲ့ပါတယ်။ အားလုံးက ပညာသင်နေဆဲ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ဘကကျောင်းတွေ၊ ပညာရေးကျောင်းတွေမှာ ဒါမှမဟုတ် ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေကို စာတွေ၊ ဗဟုသတတွေ သင်ပေးမယ်။ စာရေးကိရိယာတွေ လှူဒါန်းပေးမယ်လို့ ရည်ရွယ်ထားပါတယ်။ ဒါ့ကြောင့် သင်ထောက်ကူပစ္စည်းတွေ လုပ်ဆောင်နေရတာပါ” ဟု အသင်းတာဝန်ခံ ကိုဇော်မျိုးအောင်က ပြောပြသည်။

လတ်တလောတွင် ပညာရေးဝန်ထမ်း ဆရာဇင်ကိုဝင်းက စတုတ္ထတန်း၊ လူမှုရေးဘာသာ(ပထဝီဝင်) သင်ကြားမှု၌ အသုံးပြုရန် ကုန်းမြေသက်တမ်းအလိုက် သဘာဝအပိုင်းကြီးများ ပိုင်းခြားထားပုံကို မြေပုံအညွှန်း သင်ထောက်ကူတစ်ခု ပြုလုပ်ခဲ့ပြီး Student Voice ပညာဒါနအသင်းသို့ လှူဒါန်းသွားမည်ဟု သိရသည်။
“ဇူလိုင်လထဲမှာ အွန်လိုင်းကနေ သင်ပြနည်းတွေ၊ သင်ထောက်ကူပြုလုပ်ရေးဆွဲနည်းတွေ သင်တန်းပေးတာတွေ လုပ်ခဲ့ပါတယ်။ အခုက ကိုဗစ်ကာလလည်းဖြစ်တော့ ကျောင်းတွေပြန်ဖွင့်ရင် အဆင်သင့်ဖြစ်အောင် သင်ထောက်ကူ ပစ္စည်းတွေလုပ်ပြီး စုဆောင်းနေကြတာပါ” ဟု မူလတန်းပြ ဆရာဇင်ကိုဝင်းက ဆိုသည်။
သင်ထောက်ကူပစ္စည်းများပြုလုပ်ရန် ငွေကြေးလိုအပ်ချက်များ ရှိနေသော်လည်း တတ်စွမ်းသမျှစုစည်း၍ လုပ်ဆောင်လျက်ရှိကြောင်း၊ ပညာရေးကောလိပ်မှ ကျောင်းသား ၁၅၃ ဦးကလည်း မိမိတို့နေထိုင်ရာဒေသများတွင် ပညာဒါပြုလိုသည့် သဘောထားဆန္ဒကို တိုင်းပညာရေးမှူးထံ စာဖြင့်တင်ပြထားကြောင်း Student Voice ပညာဒါနအသင်းက သိရသည်။
ဇေယျတု(မကွေး)