ညောင်လေးပင် ၆ သြဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာအုပ်စု ဆုံကုန်း၊ ဆုံကွဲကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ လုပ်ငန်းပြီးစီးမှုများအား သြဂုတ် ၄ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံဖြိုးတိုးတက်စေရန်အတွက် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုဖြစ်သော လျှပ်စစ်မီးလင်းရေးလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာဖြစ်သော ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာအုပ်စု ဆုံကုန်း၊ ဆုံကွဲ မြစိမ်းရောင်ကျေရွာစီမံကိန်းမှ ဆုံကုန်းကျေးရွာတွင် လျှပ်စစ်မီးသွယ်တန်းခြင်း (၄၀၀-v) အားလိုင်း၊ (၀.၈၇)မိုင် သွယ်တန်းပြီးစီးနေမှုအား မြို့နယ်ကျေးလက်ဦးစီးမှူး ဦးသန့်ဇင်မျိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာမီးလင်းရေး ကော်မတီဝင်များက ကြည့်ရှုစစ်ဆေးကာ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ မီးသုံးစွဲမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လျှပ်စစ်မီးလင်းရေးလုပ်ငန်းကို မြစိမ်းရောင်စီမံကိန်း အတိုးရငွေ ကျပ်သိန်း(၅၀)၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၈၉၆၀၄၄၀ စုစုပေါင်းကုန်ကျငွေကျပ် ၂၃၉၆၀၄၄၀ ကုန်ကျခံကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်မီးဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာအတွင်းရှိ အိမ်ခြေ ၁၀၀၊ အိမ်ထောင်စု ၈၀၊ လူဦးရေ ၄၁၅ ဦးအား လျှပ်စစ်မီးသုံးစွဲနိုင်ပြီဖြစ်၍ ဒေသဖွံဖြိုးရေးကို များစွာ အထောက်အကူပြုသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)