ပဲခူး ၆ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ် ၅ ရက်  ညနေ ၅ နာရီခွဲက ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာနှင့် ပိန်းဇလုပ်မြို့အကြားရှိ မီးရထားလမ်းတံတားနှင့် ပိန်းဇရပ်မြို့အဝင် ကားလမ်း၊ တံတားတို့အား သွားရောက်ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ တော်ဝိကျေးရွာနှင့် ပိန်းဇလုပ်မြို့အကြားရှိ မီးရထားလမ်း တံတားအမှတ်(၁၃၆) ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (သွားလာပို့ဆောင်ရေး) ဦးအောင်မြင့်လှိုင်မှ တံတားပျက်စီးသွားမှု အခြေအနေနှင့် ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် တံတားအမြန်ဆုံးပြီးစီးနိုင်ရေးအတွက် ကူညီကာလုပ်အားပေး ဆောင်ရွက်နေကြသည့် တပ်မတော်သားများနှင့် မီးရထားဝန်ထမ်းများအား နှုတ်ဆက်အားပေးစကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိန်းဇလုပ်မြို့အဝင် ဆေးရုံအနီးကားလမ်းမပေါ်ရှိ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် တံတားအား သွားရောက်ကြည့်ရှုပြီး ဒေသခံများ လတ်တ‌လောသွားလာမှု အခက်အခဲမဖြစ်စေရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ပိန်းဇလုပ်မြို့အဝင် ကားလမ်း၊ တံတားပျက်စီးမှုအား လမ်းဦးစီးဌာန၊ ဟိုက်စတား (B.O.T) ကုမ္ပဏီမှ လတ်တလောပြည်သူများ သွားလာမှုအဆင်ပြေစေရန် ယာယီဘေလီတံတားအဖြစ် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိန်းဇလုပ်မြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့် ရေလည်ပရိယတ္တိစာသင်တိုက်၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားသို့ တက်‌‌ရောက်ခဲ့ပြီး ရေလည်ပရိယတ္တိစာသင်တိုက် ပဓာနနာယဆရာတော်အား ဖူးမြော်ကန်‌တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် ရေလည်ပရိယတ္တိစာသင်တိုက် စန္ဒာသူရိယ ဓမ္မဗိမာန်တော်ကြီး၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ရေဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ပိန်းဇလုပ်မြို့ ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုရှိ ရေဘေးသင့်အိမ်ထောင်စု (၂၃၀)စု၊ လူဦးရေ (၁၀၆၄)ဦးတို့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၂၃၄၄၀၀)ကျပ်ကိုလည်းကောင်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းမှ ခေါက်ဆွဲခြောက် (၂၃၀၀)ထုပ်အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးတိုးတိုးတို့က နှာခေါင်းစည်း Mask အခု (၂၁၂၈)ခုအားလည်းကောင်း၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တိုင်းမီးသတ်တပ်ဖွဲ့မှူးတို့က ဆပ်ပြာတောင့် (၂၃၀) တောင့်အားလည်းကောင်း ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ပိန်းဇလုပ်မြို့တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း (၂)ခုရှိ ရေဘေးသင့်ပြည်သူများအတွက် ဩဂုတ် ၄ ရက်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှလည်း ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၉၂၅၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက် (၈၄၉၀)ထုပ်၊ ဆပ်ပြာတောင့် (၈၄၉)တောင့်နှင့် နှာခေါင်းစည်း (၈၅၀၀)ခုတို့အားလည်ကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆန်(၁၂)အိတ်၊ ဆီ(၅၀)ပိဿာ၊ ခေါက်ဆွခြောက်ဖာ (၁၀)ဖာတို့အားလည်းကောင်း လာရောက်ထောက်ပံ့ လှူဒါန်းထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)