၆ ဩဂုတ်
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် အကျဉ်းထောင်ရှိ အကျဉ်းသား အရေအတွက် တစ်ဝက်နီးပါးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန် ကြေညာစဉ်မှာ ကယ်လီဖိုးနီး ပြည်နယ်ရှိ အကျဉ်းထောင် တစ်ခုမှာတော့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အကျဉ်းသား ၂၂ ဦး ရှိသွားကြောင်း သိရပါတယ်။
အရီဇိုးနားပြည်နယ်ရှိ ASPC-Tucson Whetstone အကျဉ်းထောင်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၁၇ ဦး ရှိကြောင်း၊ ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ အကျဉ်းသားတွေကို ခွဲခြားထားရှိပြီး ဆေးကုသ ပေးနေကြောင်း၊ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာ မရှိမခြင်း အကျဉ်းထောင်ရဲ့ သာမန်နေရာကို ပြန်ပို့မှာ မဟုတ်ကြောင်း အကျဉ်းထောင်ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
အမေရိကန် နိုင်ငံရှိ အကျဉ်းထောင်တွေနဲ့ ပြုပြင်ရေး စခန်းတွေမှာ အကျဉ်းသား ၂.၃ သန်း ရှိတဲ့အတွက် ကမ္ဘာမှာ အကျဉ်းသားဦးရေ အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားဦးရေ များလွန်းတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်း သက်ဝင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။
လူဦးရေ ၇.၃ သန်း နေထိုင်တဲ့ အရီဇိုးနားပြည်နယ်မှာ ဗိုင်းရပ်စပ်ပိုး တွေ့ရှိသူ ၁၈၀,၀၀၀ ကျော် ရှိရာ အကျဉ်းသား ၁,၄၂၉ ဦး ပါဝင်ကြောင်း သိရပါတယ်။ ပြည်နယ် အကျဉ်းထောင်တွေမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၇ ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်တွင်းက အကျဉ်းထောင်တွေမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၁ ဦးရှိရာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ San Quentin အကျဉ်းထောင်မှာ အကျဉ်းသား ၂၂ ဦး ပါဝင်ကြောင်း သိရပါတယ်။
လူဦးရေ သန်း ၄၀ နေထိုင်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၂၄,၀၀၀ ဦး ရှိပြီး သေဆုံးသူ ၉,၇၀၀ ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MDN
ကိုးကား - AFP
