ပိုင်ကျုံ ၆ ဩဂုတ်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ သွားလာရေးပိုမိုအဆင်ပြေ လွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစားပြင်ဆင်မှုလုပ်ငန်းများကို ယခုနှစ် ဇွန် ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခု ဩဂုတ် ၆ ရက်တွင် (၈၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း တံတားကြီးပြင်ဆင်မှုလုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်လျက်ရှိသော ဦးရဲမြင့်ထွန်းထံမှ သိရသည်။

 

အဆိုပါချောင်းကူးတံတားသည် ပိုင်ကျုံမြို့ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ကို ဆက်သွယ်ထားလျက်ရှိရာ အရှည် ၁၁၈၄ ဒသမ ၆ ပေရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ်သန်း (၅၀၀)ဖြင့် သံပြားကြမ်းခင်း လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းတံတားကို တံတားအထူးအဖွဲ့ အမှတ်(၁၄)မှ ဦးရဲမြင့်ထွန်း မြို့ပြအငယ်တန်းအင်ဂျင်နီယာ(၂)က ကြီးကြပ်တာ၀န်ယူ ဆောင်ရွက်ခဲ့ပြီး ပိုင်ကျုံ ချောင်းကူးတံတားကြီးအား လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း မွန်းလွဲ ၁ နာရီခွဲမှ ည ၁၀ နာရီခွဲအထိ ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။

 

စောpဖိုး(ပြန်/ဆက်)