သြဂုတ် ၆

 

ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်ကို သြဂုတ် ၉ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

 

အဆိုပါ ခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံချက်ဖြင့် ဆောင်ရွက်နေသည့် ကိုကိုးကျွန်းမြို့နယ် မီးလင်းရေးလုပ်ငန်းစဉ်အတွက် လျှပ်စစ်မီးနှင့်ပတ်သက်သည့် အထောက်အပံ့ပစ္စည်း တန်ချိန်ပေါင်း ၄၇၀ ကျော်ကို အဓိကထား ပို့ဆောင်ရမည်ဖြစ်သည်။

 

"အခု မဖြစ်မနေ လုပ်ငန်းရပ်တစ်ခုက ရန်ကုန်တိုင်းတစ်တိုင်းလုံး မီးလင်းရေးဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံချက်ဖြစ်ပါတယ်၊ အဲဒီမှာ ကိုကိုးကျွန်းမြို့နယ်လည်း ပါပါတယ်၊ အဲတော့ ကိုကိုးကျွန်းမြို့နယ်ပါတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း ကိုကိုးကျွန်းရေယာဥ်ကို YRTA ကို တာဝန်ပေးထားတာဖြစ်တဲ့အတွက် အစိုးရအဖွဲ့အစည်းကလည်း ဒါကို သယ်ယူပို့ဆောင်ပေးဖို့ လမ်းညွှန်တဲ့အတွက် ဒါကို ပြင်ဆင်ထားရပါတယ်၊ ကျွန်တော်တို့က ရာသီဥတုလည်း တွက်ရသလို သယ်ယူပို့ဆောင်ပေးရမယ့် ပစ္စည်းတွေရဲ့ တန်ချိန်တွေလည်း တွက်ရပါတယ်၊ အခု ဒီတစ်ခေါက်က ခုနရည်မှန်းချက်တာဝန်ဖြစ်တဲ့ ကိုကိုးကျွန်းမြို့နယ် လျှပ်စစ်မီးလင်းရေးကို အဓိကထားပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက် YESC ကနေ ပို့ချင်တဲ့ ဓာတ်တိုင်တွေ မီးနဲ့ပတ်သက်တဲ့ အထောက်အပံ့ပစ္စည်းတွေ တန်ပေါင်း ၄၇၀ ကျော်ကို ပို့ရမှာ၊ ဒါ့ကြောင့်မလို့ သင်္ဘောကိုတောင် ယခင်တုန်းက သဘာပတိရေယာဉ်အစား အခု ပြည်ပမှာသွားနေတဲ့ M.V Charites ဆိုတဲ့ သင်္ဘောကို ငှားရမ်းပြီးတော့ သြဂုတ်လ ၉ ရက်နေ့မှာ ပို့ဆောင်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်"ဟု  ဦးလှအောင်က ပြောသည်။

 

ယခင်က ရန်ကုန် - ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်ကို YRTA မှ ကျပ်သိန်းနှစ်ရာ အကုန်ကျခံ၍ သဘာပတိရေယာဉ်ဖြင့် ပြေးဆွဲခဲ့သော်လည်း ယခုအခါ M.V Charites သင်္ဘောဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ကျပ်သိန်း ၃၅၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်၍ ယခုကုန်ကျမည့် ကျပ်သိန်း ၃၅၀ ခန့်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)နှင့် YRTA တို့ ပူးပေါင်းကျခံရန် လျာထားထားကြောင်း ဦးလှအောင်က ထပ်မံပြောကြားသည်။

 

YRTA အနေဖြင့် ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် ပြေးဆွဲပေးခြင်းမှာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် စီမံဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က တစ်ကြိမ်နှင့် မတ် ၇ ရက်က တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ပြေးဆွဲပေးခဲ့ကာ Covid 19 ကပ်ရောဂါကြောင့် ဧပြီလကစ၍ ရပ်နားခဲ့ခြင်းဖြစ်သည်။

 

ငြိမ်းငြိမ်း