၆ ဩဂုတ်
လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းက ပေါက်ကွဲမှုအကြောင်းအရင်းကို စုံစမ်းရန် စုံစမ်းရေးကော်မတီကို ဖွဲ့စည်းပြီး လေးရက်အတွင်း တာဝန်ရှိသူကို ဖော်ထုတ်ပေးရန် အစိုးရက ဒီနေ့တာဝန်ပေးလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းရန် ကော်မတီကို ဒီနေ့(ကြာသပတေးနေ့) မှာ တာဝန်ပေးအပ်လိုက်ပြီး၊ ကော်မတီကနေ လေးရက်အတွင်း ပေါက်ကွဲမှု ဘယ်လိုဖြစ်ခဲ့တယ်။ ဘာကြောင့်ဖြစ်တယ်။ ဘယ်သူကြောင့် ဖြစ်တယ်။ ဘယ်နေရာက ဖြစ်တယ်ဆိုတာတွေ ပါရှိတဲ့ အစီရင်ခံကို တင်ပြရမှာ ဖြစ်ကြောင်းနဲ့ တရားဥပဒေအရ ဆုံးဖြတ်ချက်တွေပါ ပါဝင်လာမှာ ဖြစ်တယ်လို့ ဝန်ကြီးက Europe 1 ရေဒီယိုသတင်းဌာနကို ပြောကြားပါတယ်။

အခုဖြစ်စဉ်ဟာ အရေးကြီးတဲ့အတွက် အစိုးရအနေနဲ့လည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေကြောင်းနဲ့ ဖြစ်စဉ်အတွက် ပါဝင်ပတ်သူတွေကို ပစ်ဒဏ်ပေးအပ်သွားမှာလို့ လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ပေါက်ကွဲကြောင့် အနည်းဆုံး ၁၃၇ ဦး သေဆုံးပြီး လူပေါင်းများစွာ ပျောက်ဆုံးနေကြောင်း၊ လူပေါင်း ၅,၀၀၀ မှာ ဒဏ်ရာရရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူက ဒီနေ့(ကြာသပတေးနေ့) မှာ ထုတ်ပြန်ကြေညာ ပါတယ်။ အင်္ဂါနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ များလာနိုင်ကြောင်း ထည့်သွင်းပြောဆိုပါတယ်။

ဘေရွတ်အုပ်ချုပ်ရေးမှူးက လူပေါင်း ၃၀၀,၀၀၀ လောက်ဟာ ပေါက်ကွဲမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်းနဲ့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ဆုံးရှုံးကြောင်း ပြောပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်စဉ်ဟာ ဘေရွတ်ဆိပ်ကမ်းရှိ ကုန်လှောင်ရုံတစ်ခုမှာ ခြောက်နှစ်ကြာ သိုလှောင်ထားတဲ့ တန်ချိန် ၂,၇၅၀ ရှိ အမိုနီယံ နိုက်ထရိုတ် (ammonium nitrate) တွေကို မီးလောင်တဲ့အတွက်ကြောင့် ဖြစ်လာတယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောထားပါတယ်။
MDN
ကိုးကား - AFP
