ပုသိမ် ၆ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိမြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင် အဖွဲ့ကြီးမှ ကြီးမှူးကျင်းပသည့် ဝါတွင်းဝါပမဟာ သံဃိကဒါန အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲ အမှတ်စဉ် ၂ ကို ၂၀၂၀ ပြည့်နှစ်သြဂုတ် ၆ ရက်နံနက် ၄ နာရီအချိန်တွင် ပုသိမ်မြို့ ဝိသာခါ ဓမ္မာရုံ၌ပြုလုပ်သည်။
အရုဏ်ဆွမ်းလောင်းလှူပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်လောင်းလှူ ပူဇော်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျောင်းတိုက်ပေါင်း ၁၆၅ တိုက်မှ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ်များက အရုဏ်ဆွမ်းများ အလှူခံယူတော်မူကြရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဇနီးတို့မှ ဦးဆောင်၍ လောင်းလှူပူဇော်ခဲ့ကြသည်။
အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲ အပြီးတွင်လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှပေးဝေခြင်း အခမ်းအနား ဆက်လက်ပြုလုပ်ရာ ပင့်သံဃာအရှင်သူမြတ် ၅ ပါးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားများ နာယူခဲ့ကြသည်။
ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။ လှူဒါန်းမှုအစုစု အတွက်ရေစက်ချ တရားနာယူခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်ကြီးများအား အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်
