ရန်ကုန် ၆ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏ စီမံမှုဖြင့် ရန်ကုန် - ကိုကိုးကျွန်း တတိယမြောက်သင်္ဘောခရီးစဉ်ကို ဩဂုတ်လ ၉ ရက်နေ့တွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ရာသီဥတုအခြေအနေနှင့် သယ်ယူပို့ဆောင်ပေးရမည့် ကုန်တန်ချိန်ပေါ်မူတည်ကာ ယခင်က ကိုကိုးကျွန်းခရီးစဉ်ကို တန်ချိန် တစ်ထောင်ခန့်ရှိ သဟာပတိရေယာဉ်ဖြင့် ပြေးဆွဲခဲ့သော်လည်း ယခုအခါတွင် တန်ချိန် ၃၅၀၀ ခန့်ရှိ M.V Charites သင်္ဘောဖြင့် ပြောင်းလဲပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ကုန်တိုင်းတစ်တိုင်းလုံး မီးလင်းရေးစီမံချက်အရ ကိုကိုးကျွန်းမြို့နယ်သို့ ပို့ဆောင်ရမည့် အဓိကကုန်စည်များနှင့်ပတ်သက်၍ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က “ကိုကိုး ကျွန်းမြို့နယ် လျှပ်စစ်မီးလင်းရေးကို အဓိကထားပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက် YESC ကနေ ပို့ချင်တဲ့ ဓာတ်တိုင်တွေ၊ မီးနဲ့ပတ်သက်တဲ့ အထောက်အပံ့ပစ္စည်းတွေ၊ ဆိုလာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ တန်ပေါင်း ၄၇၀ ကျော်ကို ပို့ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
သဟာပတိရေယာဉ်ဖြင့် ရန်ကုန်-ကိုကိုးကျွန်း ပထမခရီးစဉ်ကို ဇန်နဝါရီလတွင်လည်းကောင်း၊ ဒုတိယခရီးစဉ်ကို မတ်လအတွင်း၌လည်းကောင်း ပြေးဆွဲပေးခဲ့ပြီး ယခုအကြိမ်ပြေးဆွဲခြင်းသည် တတိယအကြိမ်မြောက် ပြေးဆွဲခြင်းဖြစ်သည်။ ယခင်က သဟာပတိရေယာဉ်ကို ကျပ်သိန်း ၂၀၀ ဖြင့် ငှားရမ်းအသုံးပြုခဲ့သော်လည်း ယခုအခေါက်တွင် ကုန်တန်ချိန်ပိုမို တင်ဆောင်ရမည်ဖြစ်သည့် အတွက် M.V Charites ကို ကျပ်သိန်း ၃၅၀ ခန့် ဖြင့် ငှားရမ်းခြင်းဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)