နေပြည်တော် ၆ ဩဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ လက်နက်၊ ခဲယမ်းနှင့် ငွေကျပ် ၆ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါသတင်းထုတ်ပြန်ချက်တွင် တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပန်ကူ(အခါ)ကျေးရွာအနီး လူနေထိုင်ခြင်း မရှိသည့် မသင်္ကာဖွယ် အဆောက်အဦး ၁ လုံးအား တွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေရာ အဆောက်အဦ အတွင်းမှ အမေရိကန်နိုင်ငံလုပ် ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်၊ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၇၃၀၀၀၊ ပန်းရောင်၊ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးမှုန့် ၃၄၀ ကီလိုဂရမ်ခန့်၊ ကဖင်းအဖြူရောင်အမှုန့် ၆၀၀ ကီလိုဂရမ်ခန့်(စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်း တန်ဖိုးငွေကျပ် ၆ ဒသမ ၃ ဘီလီယံကျော်)နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း။
သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား တာချီလိတ်မြို့နယ်၊ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း ဖော်ပြထားသည်။
(သတင်းစဉ်)