ရန်ကုန် ၆ ဩဂုတ်
ဂျပန်နိုင်ငံမှ Aeon Group ဖြစ်သော ဂျပန်လက်လီလုပ်ငန်းစုမှ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံသော ဈေးဝယ်မားကတ်ကြီး တစ်ခုကို ရန်ကုန်မြို့ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့)တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
Aeon Group အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ပထမဆုံးဈေးကွက် ဝင်ရောက်ခြင်းဖြစ်ပြီး အဆိုပါ Aeon Mall Shopping Complex မှာ စတုရန်းပေ ၁ ဒသမ ၂ သန်းခန့် ကျယ်ဝန်းပြီး ၂၀၂၁ ပြည့်နှစ်၏ နှစ်လည်တွင် လုပ်ငန်းစတင်၍ ၂၀၂၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကာ Aero Group ၏ လက်ခွဲဖြစ်သော Aeon Mall က ၇၀ ရာခိုင်နှုန်းနှင့် Shwe Taung Group က ၃၀ ရာခိုင်နှုန်း ထည့်ဝင် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုစီမံကိန်းနှင့် စပ်လျဉ်း၍ Aeon Mall Shopping Complex မှ ဥက္ကဋ္ဌ Yasutsugu Iwamura က မိမိတို့၏ အစီအစဉ်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားသည်။
သီလဝါနှင့်နီးသော အဆိုပါဈေးဝယ်မားကတ်ကြီး စီမံကိန်းအား ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ (ဂျပန်ယန်း ၁၉ ဘီလီယံ) ခွင့်ပြုခဲ့ပြီးမြန်မာ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မှုကြောင့် စီမံကိန်းအား သတ်မှတ်ကာလတွင် Aeon Group မှ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဈေးဝယ်စင်တာ ကိုးခု ဖွင့်လှစ်ထားရှိကာ ၂၀၁၆-ခုနှစ်မှစ၍ စူပါမားကတ် ဝန်ဆောင်မှုဖြင့် မြန်မာနိုင်ငံတွင်ရင်းနှီး မြှုပ်နှံမှုစတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးသော ဈေးဝယ်စင်တာကြီးကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရွှေလီလမ်းနှင့် ဧရာဝဏ်လမ်း ထောင့်ရှိ ၁၇ ဒသမ ၆၃၂ ဧကတွင် တည်ဆောက်မည်ဖြစ်ပြီး ယာဉ်အစီးရေ ၂၃၀၀ ရပ်နားနိုင်သော ယာဉ်ရပ်နားရန် ရေရာလည်း ပါဝင်ကာ ဈေးဝယ်စင်တာကြီးတွင် အထပ်ပေါင်း ငါးထပ်ဖြင့် အဆင့်မြင့်ဈေးဝယ်ဇုန်များ၊ အပန်းဖြေ ဖျော်ဖြေရေးနေရာများ၊ ခေတ်မီလူသုံးကုန် ပစ္စည်းများ၊ ဂျပန်လက်လီစတိုးဆိုင်များနှင့် တစ်နေရာတည်းတွင် ပြည့်စုံစွာရရှိစေလျက်လူနေမှု ပုံစံအတွေအကြုံသစ်များကို ဖော်ဆောင်ပေးမည့် Aeon Mall Shooping Complex ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
သန်းထိုက်