စေတုတ္တရာ ၇ ဩဂုတ်       

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ အထူးချေးငွေအနေဖြင့် တောင်သူဦးရေ(၁၁၂၉)ဦးအား ကျပ်သိန်း (၁၉၀၀)ကျော် ထုတ်ချေးနိုင်ခဲ့ကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ်တွင် တောင်သူများအား ကိုဗစ်-၁၉ အထူးချေးငွေများ ထုတ်ချေးခဲ့မှုနှင့် ပတ်သက်၍ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ကြူကြူဝင်းက “ မိုးရာသီစိုက်ပျိုးစရိတ်‌ချေးငွေအပြင် ကိုဗစ်-၁၉ အထူးချေးငွေကို နိုင်ငံတော်၏မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကြောင့် တောင်သူများအား လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေစေရန်အတွက် လယ်ယာတစ်ဧကလျှင် ငွေကျပ် (၅)သောင်းနှုန်းဖြင့်  ဇွန်လ (၂၄)ရက်နေ့မှ စတင်၍  ထုတ်ချေးခဲ့ရာ ကျေးရွာအုပ်စု(၃၃)အုပ်စုမှ တောင်သူဦးရေ (၁၁၂၉)ဦးအား စပါးဧက(၁၁၂၁) ဧကအတွက် ငွေကျပ် (၅၆၀.၅၀)သိန်း၊ နှမ်းဧက(၂၇၆၀)ဧကအတွက် ချေးငွေကျပ်(၁၃၈၀)သိန်း၊ ပဲစဉ်းငုံ(၅)ဧကအတွက် (၂.၅) သိန်း စုစုပေါင်းဧက (၃၈၈၆)ဧကအတွက် ချေးငွေကျပ်သိန်းပေါင်း(၁၉၄၃)သိန်းကို ထုတ်ချေးနိုင်ခဲ့တာ ဖြစ်ပါတယ်ဟု” ပြောကြားသည်။

 

အဆိုပါ အထူးချေးငွေများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း  တောင်သူများ အနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေစေရန်အတွက်  စိုက်ပျိုးစရိတ် အပိုဆောင်းချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။     

စည်သူလွင်(ပြန်/ဆက်)