ကလော ၇ ဩဂုတ်
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပျားရည်ထုတ် ရာသီရောက်တော့မည် ဖြစ်သဖြင့် ဘာရိုဝါဂျက်ကော့ဆိုနီ ကပ်ပါးမွှားရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီခွဲက ကလောမြို့နယ်၊ ရွာငံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ရှိ ပျားစခန်းများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလောမြို့နယ် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးတာဝန်ခံ ဦးကျော်လင်း ဦးဆောင်၍ တိုင်းဒေသကြီး၊ ပြည်နယ်ပုဂ္ဂလိက ပျားမွေးမြူသူများ ပါဝင်သော ပျားစခန်း စစ်ဆေးရေး အဖွဲ့သည် ပျားစခန်းများအနေဖြင့် ပျားရည်ထုတ်ရာသီ (Honey Fiow) ရောက်ရှိတော့မည်ဖြစ်သဖြင့် ပျားအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်စွက်စာများ တိုက်ကျွေးခြင်း၊ ပျားရောဂါ ကင်းစင်အောင် ဆောင်ရွက်ခြင်း၊ မိတ်အောင်ပျားဘုရင်မများ အစားထိုးလဲလှယ်ခြင်း၊ ဘာရိုဝါဂျက်ကော့ဆိုနီ ကပ်ပါးမွှားရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား လက်တွေ့ပြသ ဆောင်ရွက်ပေးခြင်းနှင့် ကုသနည်း လမ်းညွှန်ချက် လက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပျားစခန်းစစ်ဆေးရေးအဖွဲ့သည် ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ပင်းလောင်းမြို့နယ်များအတွင်းရှိ ဌာန / ပုဂ္ဂလိက ပျားစခန်း (၅၄) ခု သို့သွား ရောက်၍ ဩဂုတ် ၁ ရက်နေ့ မှ ဩဂုတ် ၅ ရက်နေ့အထိ ဘာရိုဝါဂျက်ကော့ဆိုနီ ကပ်ပါးမွှားရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း ကလောမြို့နယ် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးတာဝန်ခံ ဦးကျော်လင်း ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)