မကွေး ၇ သြဂုတ်
မိုးရေလိုအပ်ချက်ကြောင့် နှမ်းသီးနှံ ထိခိုက်ပျက်ဆီးမှုကြုံခဲ့ရပြီး မျှော်လင့်ချက်မရှိတော့သည့် တောင်သူများမှာ နှမ်းပေါက်ဈေးအခြေအနေကို စိတ်ဝင်စားမှုမရှိသလောက် နည်းပါးနေကြောင်း မကွေးတိုင်းအတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်သူများ ထံမှ သိရသည်။
“နှမ်းဈေးကွက်လား၊ စိတ်လည်းမဝင်စားဘူး၊ ရောင်းစရာလည်း မရှိဘူး။ ရစရာလည်း မရှိဘူး။ နောက်ထပ်လည်း ကျဲလို့မရတော့ဘူး။ အချိန်က လွန်သွားပြီ။ ဝါခေါင်လဆို ပြီးပြီပွဲက။ နှမ်းက လုံး၀ ရမဖြစ်တော့ဘူး ” ဟု လှည်းပွဲကြီး ရွာနေတောင်သူ ဦးကြည်လင်း က ပြောသည်။
မတ်လတွင် နှမ်းဈေးကွက်ကျဆင်းခဲ့ကာ ဧပြီလ(သင်္ကြန်အပြီး)တွင် ဈေးပြန်တက်ခဲ့ကြောင်း၊ နှမ်းမကောင်း၍ ဖျက်လိုက်ရသည့် တောင်သူများက မိုးပြန်ရွာချိန်၌စိုက်ရန် ပဲမျိုးများ လာရောက်ဝယ်ယူနေကြသော်လည်း နှမ်းဈေးဘယ်လောက် ပေါက်သည်ကိုပင် မေးသူနည်းနေကြောင်း မကွေးမြို့၊ ငြိမ်းမာန်ပွဲရုံပိုင်ရှင် ကိုရာဇာလင်း ထံမှ သိရသည်။
“မိုးခေါင်တော့ နှမ်းက အနှုတ်လွတ်ပါပဲ။ ထယ်မှောက်လိုက်ပြီ။ ကြားမှာ ပဲစိုက်ရအောင်လို့ မကွေးကိုမျိုးပဲ လာဝယ်တာပါ။ နှမ်းအနေနဲ့ကတော့ မျှော်လင့်ချက်မရှိတော့ဘူး။ နှမ်းဈေးတက်တာ၊ ကျတာ ကျွန်တော်တို့အတွက် သိပ်အရေးမကြီး တော့ဘူးပေါ့။ ရောင်းစရာကလည်း မရှိဘူးလေ ” ဟု တောင်သူ ဦးသာဦး က ဆိုသည်။
မကွေးကုန်သည်များ၏ ခန့်မှန်းချက်အရ တစ်နှစ်လျှင် နှမ်းမျိုးစုံတင်းရေ(၆)သိန်းခန့်ထွက်ပြီး ဈေးကောင်းရသည့် စမုံနက်နှမ်းမျိုးကို တောင်သူအကြိုက် စိုက်ပျိုးမှုများလာကြောင်း၊ ယခုနှစ်တွင် မန္တလေးဈေးကွက်မှ ပေးသည့်ဈေးနှင့် မကွေးပွဲရုံများက တောင်သူ့ထံမှ ဝယ်သည့်ဈေး တူနေသည့်အပြင် နှမ်းခင်းပျက်ဆီးမှုများလည်း ရှိနေသဖြင့် ပွဲစားကုန်သည်များလည်း အခက်ကြုံနိုင်ကြောင်း မကွေးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးကျော်ထွန်း ထံက သိရသည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် မိုးရွာသွန်းချိန်၊ စိုက်ပျိုးချိန်နှင့် သီးနှံမျိုးသက်တမ်းတို့အကြား သဟဇာတ မဖြစ်တော့ဘဲ မကွေးတိုင်းတွင် နှမ်းစိုက်ဧကသိန်းနှင့်ချီ၍ ထိခိုက်နိုင်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနက ထိခိုက်ပျက်ဆီးစာရင်းများ ကောက်ခံနေကြောင်း စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလင်းမြတ် ထံက သိရသည်။
ဇေယျတု(မကွေး)