စစ်တွေ ၇ ဩဂုတ်      

COVID-19 Economic Relief Plan ၌ ပါဝင်သော Action Plan တွင်ပါရှိသည့် ငါးမဖမ်းရကာလ၌ “ပင်လယ်ပြင် ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေး” (Safety at Sea) ဆင့်ပွားပညာပေးသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီခွဲက ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားပြီး ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦး က ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာ၊ ဗဟုသုတများ ပွားများလာစေရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦးနှင့် တာဝန်ရှိသူများက ရေလုပ်သားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အဆိုပါ သင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့မှ တာဝန်ရှိသူများက ပင်လယ်ပြင် ကမ်းဝေး၊ ကမ်းနီးရေယာဉ်များမှ သင်တန်းသား ၂၅ ဦးအား နှစ်ရက်ကြာ စာတွေ့လက်တွေ့ ဆွေးနွေးပို့ချခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)