၇ ဩဂုတ်
ဗြိတိန်နိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု များနေတဲ့ ဘယ်လ်ဂျီယံ၊ ဘဟားမား နဲ့ အန်ဒိုရာ နိုင်ငံတွေကနေ လာရောက်မယ့် သူတွေကို သီးသန့် ခွဲခြားစောင့်ကြည့်မှုအောက်မှာ နေထိုင်ရန် ကြာသပတေးနေ့က ပြန်လည် ပြဋ္ဌာန်းလိုက်ကြောင်း သိရပါတယ်။
ဘယ်လ်ဂျီယံ၊ ဘဟားမား နဲ့ အန်ဒိုရာ နိုင်ငံကနေ စနေနေ့ ဩဂုတ် ၈ ရက်၊ ညနေ ၄ နာရီ မှစပြီး အင်္ဂလန်ကို ရောက်ရှိလာရောက်မယ့်သူတိုင်း ကိုယ့်အစီစဉ်နဲ့ကိုယ် သီတင်းနှစ်ပတ် သီးသန့် နေထိုင်ရမယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ သီးသန့်ခွဲခြား နေထိုင်ရန် မလိုကြောင်း ထုတ်ပြန်ပြီး တစ်လနီးပါး အကြာမှာ အခု ထုတ်ပြန်ချက် ပြန်လည် ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကစပြီး လူဦးရေ ၁၀၀,၀၀၀ မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ လေးဆ များပြားလာကို တွေ့ရသလို အန်ဒိုရာ နိုင်ငံမှာ ငါးဆတိုးလာကို တွေ့ရပါတယ်။ ဘဟားမား နိုင်ငံမှာတော့ ဇူလိုင်လလယ်က ဗိုင်းရပ်စ်ပိုး ကူးစက်မှုမှာ ၃.၁ ရှိရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ၇၈ ဒသမ ၆ အထိ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တိုးလာတာကို တွေ့ရှိကြောင်း ထုတ်ပြန်ချက်မှာ ရှင်းပြထားပါတယ်။
စကော့တလန် အစိုးရကလည်း အဲဒီသုံးနိုင်ငံကို အင်္ဂလန်နည်းတူ သီးသန့်ခွဲခြား နေထိုင်ရမယ့် နိုင်ငံများ စာရင်းမှာ မနေ့ညနေပိုင်းက ထည့်သွင်းလိုက်ပါတယ်။
ဘရူနိုင်းနဲ့ မလေးရှား နိုင်ငံတွေဟာ အင်္ဂလန်နဲ့ စကော့တလန် နိုင်ငံတွေဆီကို ဩဂုတ် ၁၁ ရက်နေ့ကစပြီး လွတ်လွတ်လပ်လပ် လာရောက်ခွင့်ရှိပြီ ဖြစ်ပါတယ်။
ဇူလိုင်လကုန်ပိုင်းကလည်း စပိန်နိုင်ငံကနေ လာရောက်သူတိုင်းကို သီးသန့်ခွဲခြား နေထိုင်ရမယ့် စာရင်းမှာ မကြေညာဘဲ ထည့်လိုက်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP