၇ ဩဂုတ်

 

 

အင်္ဂါနေ့ အတွင်းက ဘေရွတ်မြို့တော်တွင် ဖြစ်ပေါ်ခဲ့သည့် အကြီးအကျယ် ပေါက်ကွဲမှုနှင့် ဆက်စပ်သည့် သံသယရှိသူ ၁၆ ဉီးကို ဖမ်းဆီးခဲ့ကြောင်း လက်ဘနွန် အာဏာပိုင်များက ပြောကြားခဲ့သည်။

 

 

ဆိပ်ကမ်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန်အတွက် ၎င်းတို့ ၁၆ဉီးကို ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း လက်ဘနွန် အာဏာပိုင်များက ပြောကြားခဲ့သည်။

 

 

စုံစမ်းစစ်ဆေးရန်အတွက်  သံသယရှိသူများမှာ ဆိပ်ကမ်းမှ အကောက်ခွန် အရာရှိများ ဖြစ်သည်။

 

 

ဆိပ်ကမ်းတွင်ရှိသည့် အမိုနီယမ်နိုက်ထရိတ်ကို လုံခြုံစွာ သိမ်းဆည်းထားခြင်း မရှိသောကြောင့် ပေါက်ကွဲမှု ဖြစ်ရခြင်း ဖြစ်ကြောင်း လူအချို့က ပြစ်တင်စွပ်စွဲထားသည်။

 

 

ပေါက်ကွဲမှု၏ အကြောင်းအရင်းကိုမူ ဖော်ထုတ်ခြင်း မရှိသေးပေ။

 

 

ဓာတုဗေဒ ပစ္စည်းများ သိုလှောင်ထားသည့် နေရာတွင် ဂဟေဆော်သည့် လုပ်ငန်း လုပ်ကိုင်သည့်အတွက် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြသည်။

 

 

အဆိုပါ အဖြစ်အပျက်က လက်ဘနွန် အစိုးရအပေါ်  ပြည်သူများက ဒေါသထွက်စေခဲ့သည်။

 

 

နှစ်ပေါင်းများစွာ ဆိပ်ကမ်းတွင် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများ ထားရှိပြီး လုံလောက်သည့် အကာအကွယ်များ မရှိခြင်းကြောင့် ပေါက်ကွဲခဲ့ကြောင်း အဆိုပါ သိုလှောင်မှုအတွက် ၎င်းတို့က ဝေဖန်လျက်ရှိသည်။

 

 

ကြာသပတေးနေ့ည အတွင်းက ဆန္ဒပြသူ အချို့သည် လမ်းများကို မီးရှို့ပြီး  ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသဖြင့် ဆူပူမှုများကို နှိမ်နင်းရန်အတွက် လုံခြုံရေး တပ်ဖွဲ့များသည် ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများဖြင့် ပက်ဖြန်းပြီး ဖြိုခွင်းခဲ့ကြရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်