၇ ဩဂုတ်
ပြင်သစ်နိုင်ငံက တက္ကသိုလ်တွေဟာ စက်တင်ဘာလမှာ ပြန်ဖွင့်ရန် ပြင်ဆင်ထားပြီး ကျောင်းသူ၊ ကျောင်းသားတွေကို မျက်နှာဖုံး ဝတ်ဆင်ကြဖို့ အကြံပြုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့က ပြောကြားပါတယ်။
တက္ကသိုလ်တွေကို ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့ကူးစက်တဲ့အတွက် မတ်လ ၁၆ ရက် နေ့ကစပြီး ပိတ်ထားခဲ့ပါတယ်။ အထက်တန်းကျောင်းတွေကိုတော့ မေ ၁၁ ရက်နေ့မှာ တဖြည်းဖြည်း ပြန်ဖွင့်ခဲ့ပေမယ့် နိုင်ငံတွင်းရှိ တက္ကသိုလ် ၇၄ ခုကိုတော့ ဆက်လက် ပိတ်ထားခဲ့ပါတယ်။
စာသင်ခန်းတွေထဲမှာ ကျောင်းသူ၊ ကျောင်းသားတွေကို မျက်နှာဖုံး ဝတ်ဆင်ကြဖို့ အကြံပြုထားပေမယ့် ဓါတ်ခွဲခန်းတွေမှာတော့ မျက်နှာဖုံးဝတ်ကို ဝတ်ဆင်ရမယ်လို့ သိရပါတယ်။
ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကို ဗိုင်းရပ်စ်ပိုး မကူးစက်အောင် တားဆီးတဲ့ အနေနဲ့ ကျောင်းသူ ကျောင်းသားတွေဟာ တစ်ဦးနဲ့တစ်ဦး တစ်မီတာ အကွာမှာ ရှိကြရန် စည်းမျဉ်းတွေ ပါရှိပါတယ်။
စာသင်ခန်းတွေမှာ တစ်နေ့ကို နှစ်ကြိမ် လေဝင်လေထွက်ရှိအောင် လုပ်ဆောင်သွား မှာဖြစ်ပြီး ကျောင်းဝင်းအတွင်း လူစည်ကားတဲ့ နေရာတွေမှာ လမ်းပြမီးတွေ တပ်ဆင်ပြီး အသွားအလာကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာ အခု သီတင်းပတ်တွေ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး တွေ့ရှိသူ များနေပေမယ့် သေဆုံးမှုမှာ အလွန်နည်းပါးကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP